မယ့်သမီးခီး စက်မှုဇုန်စီမံကိန်းကို ကွင်းဆင်းစစ်ဆေးမည်


2018.01.27
maethameekhee-622 ထီးခီး(မယ့်သမီးခီး) ဒေသ စက်မှုဇုန်လက်မှုနယ်မြေ ဆောင်ရွက်မှု ရှင်းလင်းဆွေးနွေးပွဲကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ကျင်းပစဉ်
Photo: Tanintharyi Region - facebook

တနင်္သာရီတိုင်းဒေသကြီး၊ ထိုင်း- မြန်မာနယ်စပ်က ထီးခီးဒေသမှာ KNU နဲ့ တရုတ်ကုမ္ပဏီတစ်ခုတို့ အကောင် အထည်ဖော် ဆောင်ရွက်မယ့် မယ့်သမီးခီး စက်မှုဇုန်စီမံကိန်းကို လာမယ့် ဖေဖော်ဝါရီလအတွင်း ကွင်းဆင်းစစ်ဆေး ဖို့ လျာထားတယ်လို့ လေ့လာသုံးသပ်ရေးကော်မရှင် ဥက္ကဌ ဦးတိုးလွင်က ဒီနေ့ ပြောပါတယ်။

လေ့လာသုံးသပ်ရေးကော်မရှင်ကို အဖွဲ့ဝင် ၁၄ ဦးနဲ့ တိုင်းလွှတ်တော် ဥက္ကဌက ဖွဲ့စည်းပေးလိုက်တာဖြစ်တယ်လို့ ကော်မရှင် ဥက္ကဌ ကျွန်းစုမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးတိုးလွင်က ပြောပါတယ်။

"ဖွဲ့စည်းတာကတော့ ကျနော်တို့ ပြီးခဲ့တဲ့ သတ္တမအကြိမ် လွှတ်တော်ရဲ့ တတိယနေ့မှာ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌကနေပြီးတော့ မယ့်သမီးခီး စက်မှုဇုန်စီမံကိန်း လေ့လာသုံးသပ်ရေးကော်မရှင်အဖွဲ့ ဆိုပြီးတော့ သူက ဖွဲ့စည်းပေးလိုက်တယ်၊ ကျနော်တို့ အားလုံး စုစုပေါင်း ၁၄ ဦးနဲ့ ဖွဲ့စည်းတယ်၊ ကျနော်ကတော့ ဥက္ကဌ တာဝန် ယူတယ်၊ အတွင်းရေးမှူးကတော့ ဘဏ္ဍာရေးနဲ့ စီမံကိန်းရေးရာကော်မတီ ဥက္ကဌက အတွင်းရေးမှူး တာဝန်ယူ မယ်"

အဲဒီကော်မရှင်မှာ တိုင်းလွှတ်တော် ကိုယ်စားလှယ် ၉ ဦးနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုဆိုင်ရာ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဥက္ကဌ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

မယ့်သမီးခီး စက်မှုဇုန်စီမံကိန်းနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့က တိုင်းလွှတ်တော် အစည်းအဝေးမှာ KNU ဘက်က ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်ပါတယ်။

ကော်မရှင်အနေနဲ့ လာမယ့် ဖေဖော်ဝါရီလအတွင်း ထီးခီးဒေသကို ကွင်းဆင်းလေ့လာပြီးနောက် တွေ့ရှိချက်တွေကို တိုင်းလွှတ်တော် ဥက္ကဌထံ ပြန်လည်တင်ပြသွားမှာဖြစ်တယ်လို့ ဦးတိုးလွင်က ပြောပါတယ်။

မယ့်သမီးခီး စက်မှုဇုန်စီမံကိန်းကို ဧက ၆ ထောင်ကျော်မှာ အကောင်အထည်ဖော်မှာဖြစ်ပြီး လွှတ်တော်က ဖွဲ့စည်းလိုက်တဲ့ ကော်မရှင်ဟာ ဒေသခံတွေရဲ့ သဘောထားတွေကို ကွင်းဆင်းစုဆောင်းပြီး လေ့လာသုံးသပ်သွား မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။