လူထုစိန်ဝင်း အမှတ်တရ ဟောပြောပွဲ ကျင်းပ
2016.07.26

ဝါရင့် သတင်းစာဆရာကြီး လူထုစိန်ဝင်း အမှတ်တရပြပွဲနဲ့ ဟောပြောပွဲကို ရန်ကုန်မြို့ ကုန်သည်လမ်းက ဆရာကြီး လူထုစိန်ဝင်းနေအိမ်နဲ့ကပ်လျက်မှာရှိတဲ့ Living Restoration ပြခန်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
ဆရာကြီး လူထုစိန်ဝင်းဟာ လေဖြတ်ဝေဒနာကြောင့် ဘယ်ဘက်လက်နဲ့ စာရေးလေ့ကျင့်ခဲ့ပြီး အလံမလှဲစတမ်း စိတ်ဓာတ်နဲ့ စာပေတွေရေးသားခဲ့သူဖြစ်တယ်လို့ စာရေးဆရာ ဦးထက်မြက် က ဟောပြောပွဲမှာ ပြောပါတယ်။
"အဲ့လိုတလျှောက်လုံး အလျှော့မပေး၊ အရှုံးမပေးပဘဲနဲ့ စာအုပ်တွေရေးလာနိုင်တယ်၊ နောက်တစ်ခါ လူထုရဲ့တောင်းဆိုချက်ဟာ သူတောင်းဆိုချက်၊ သူတောင်းဆိုတာ လူထုရဲ့တောင်းဆိုချက်၊ သူဝေဖန်တာက လူထုရဲ့ဝေဖန်ချက်အဖြစ်နဲ့ ကိုစိန်ဝင်းဟာ တစ်လျှောက်လုံးရပ်တည်ခဲ့တယ်၊ ကိုစိန်ဝင်းရဲ့ အဲ့လိုစိတ်ဓာတ်ကို ဒီကနေ့လူငယ်တွေ ကျနော်ကအတုယူစေချင်တယ်"
ဟောပြောပွဲကို ဆရာကြီး လူထုစိန်ဝင်းရဲ့ စာပေ နဲ့ နိုင်ငံရေး မိတ်ဆွေတွေ ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့မှာ ဆရာကြီး လူထုစိန်ဝင်း ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
ဆရာကြီး လူထုစိန်ဝင်းဟာ ဝင်းဇော်၊ ဇာမဏီ စတဲ့ ကလောင်ခွဲ ၁၅ ခုလောက်နဲ့ အတွေးအမြင်ဆောင်းပါးတွေ၊ လူငယ် တွေအတွက် ခွန်အားရှိစေမယ့် စာတွေ ၊ သတင်းစာ ပညာနဲ့ ပတ်သက်တဲ့ အကြောင်းအရာမျိုးစုံ ကို ရေးသားခဲ့သူဖြစ်ပါတယ်။ ပင်ကိုယ်ရေးနဲ့ ဘာသာပြန် စာအုပ် ၂၀ ကျော်ရေးသားခဲ့ပါတယ်။
ဦးနေဝင်း ဦးဆောင်တဲ့ မဆလ အစိုးရလက်ထက် ၁၉၆၉ ခုနှစ်မှာ ဆရာကြီး လူထုစိန်ဝင်းဟာ ကိုကိုးကျွန်းကို ပို့ဆောင်ထိန်းသိမ်းခံခဲ့ရပြီး ၁၉၇၂ ခုနှစ်မှာ လွတ်မြောက်လာခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၉၈ဝ ပြည့်နှစ်မှာ လေဖြတ်ဝေဒနာကြောင့် ခန္ဓာကိုယ် ညာဘက်တခြမ်း သေသွားခဲ့ပေမယ့် ဘယ်ဘက်လက်နဲ့ စာရေးလေ့ကျင့်ခဲ့ပြီး သူမကွယ်လွန်ခင်အချိန်အထိ စာရေးခဲ့သူ ဖြစ်ပါတယ်။