ကြေးနီတောင်စီမံကိန်း အင်အားသုံး ဖြိုခွင်းမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့
2012.12.01

အဖြစ်မှန်ဖေါ်ထုတ်တာအပြင် ကော်မရှင်အနေနဲ့ ကြေးနီစီမံကိန်း ဆက်လက်ဆောင်ရွက်သင့် မသင့်ကိုလည်း စုံစမ်းရမယ်လို့ ဖေါ်ပြထားပါတယ်။
စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌအဖြစ် ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ အတွင်းရေးမှုးအဖြစ် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးစစ်မြိုင် က အတွင်းရေးမှုးအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး စုစုပေါင်းအဖွဲ့ဝင် ၂၈ဦးပါဝင်ပါတယ်။ အဲဒီအထဲမှာ အထင်ကရ ပုဂ္ဂိုလ်တွေဖြစ်ကြတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ပါဝင်သလို စာရေးဆရာ မောင်ဝံသ တို့လို ပုဂ္ဂိုလ်တွေအပြင် နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ၊ ပြည်သူ့လွှတ်တော်အမတ်တွေလည်း ပါဝင်ပါတယ်။
အခုဖွဲ့စည်းလိုက်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဟာ ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေး၊ ဥပဒေစိုးမိုးရေးနဲ့ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးတို့အတွက် ရည်ရွယ်ချက်ထားပြီး အချက် ၈ချက်ကို အခြေခံတဲ့ သုံးသပ်ချက်နဲ့အတူ အကြံပြုတင်ပြရမယ်လို့ သမ္မတ ဦးသိန်းစိန်က ညွှန်ကြားထားပါတယ်။
အဲဒီ အချက် ၈ချက်ထဲမှာ ကြေးနီတောင်စီမံကိန်း ရပ်ဆိုင်းပေးဖို့ ဆန္ဒဖေါ်ထုတ်မှုတွေ ဖြစ်ရတဲ့အကြောင်းရင်း၊ ကြေးနီတောင်စီမံကိန်း ဆက်လက်ဆောင်ရွက်ရန် သင့် မသင့်၊ အဲဒီစီမံကိန်းဟာ နိုင်ငံတကာပြဌာန်းထားတဲ့ ဆောင်ရွက်သင့်တဲ့ နည်းပညာတွေ အသုံးပြုခြင်း ရှိမရှိ၊ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိ မရှိ အပြင် နိုင်ငံတော်အတွက် အကျိုးရှိမှုရှိ မရှိ စတဲ့ အချက်တွေကိုလည်း စုံစမ်းလေ့လာတင်ပြရမယ်လို့ ထုတ်ပြန်ထားပါတယ်။