စိုက်ထားတဲ့ ကျောက်တိုင်တွေကို ဖယ်ရှားဖို့ ထွေအုပ် စာထုတ်


2018.01.06
lonnya-road-622 ဘားအံမြို့နယ် လွန်းညကျေးရွာက လယ်ယာသုံးလမ်းမှာ ဒေသခံတွေ ကွန်ကရစ်ကျောက်တိုင် စိုက်ထားတာကို တွေ့ရစဉ်
ဓါတ်ပုံ - လွန်းညစံပြကျေးရွာ - ဘားအံမြို့နယ်

ကရင်ပြည်နယ် ဘားအံမြို့နယ် လွန်းညကျေးရွာက လယ်ယာသုံးလမ်းမှာ ကျောက်သယ်ယာဉ်ကြီးတွေ သွားလာမှု ကို ကန့်ကွက်တဲ့အနေနဲ့ ဒေသခံတောင်သူတွေက ကွန်ကရစ်ကျောက်တိုင် စိုက်ထားတာကို ဖယ်ရှားပေးဖို့ မြို့နယ် အုပ်ချုပ်ရေးရုံးက မနေ့က စာထုတ်လိုက်ပါတယ်။

အများပြည်သူ သွားလာတဲ့လမ်းမှာ အခုလို ကျောက်တိုင်တွေစိုက်ထားတာဟာ ဥပဒေနဲ့ မညီညွတ်တာကြောင့် ဖယ်ရှားပေးဖို့ဖြစ်တယ်လို့ ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက ပြောပါတယ်။

"စိုက်ထားတာတော့ အများပြည်သူ သွားနေတဲ့လမ်းပေါ်မှာ စိုက်ထားလို့တော့ ဘယ်ရမလဲ။ အများပြည်သူနဲ့ဆိုင်တဲ့နေရာမှာ စိုက်ထားရင်တော့လည်း ဥပဒေနဲ့အညီ အရေးယူခံရမှာပေါ့။ သူတို့လည်း ဆက်ပြီး မလုပ်ပါနဲ့။ သက်ဆိုင်ရာ တောင်သူတွေကိုလည်း အုပ်ချုပ်ရေးမှူးတွေက တဆင့် ပြောထားပါတယ်"

လွန်းညကျေးရွာမှာ လယ်ယာသုံးအတွက်ဖောက်လုပ်ထားတဲ့ လမ်းမှာ ကွန်ကရစ်ကျောက်တိုင်တွေကို ဒေသခံတွေ က ဇန်နဝါရီ ၃ ရက်နေ့က စတင်စိုက်ထူထားတာဖြစ်ပါတယ်။

အဲဒီလမ်းဟာ ကျေးရွာ လယ်ယာလုပ်ငန်းအသုံးပြုဖို့အတွက် ဖောက်ထားတာဖြစ်တဲ့အတွက် ကျောက်သယ် ယာဉ်တွေ သွားလာနေတာ လယ်ယာလုပ်ငန်းတွေမှာ အနှောင့်အယှက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အစိုးရတာဝန်ရှိသူတွေ ဒေသခံတွေရဲ့ အခြေအနေကို ကွင်းဆင်းစစ်ဆေးပြီး လာရောက်ညှိနှိုင်းမှသာ ကွန်ကရစ်ကျောက်တိုင်တွေကို ဖယ်ရှားပေးမှာဖြစ်တယ်လို့ လွန်းညကျေးရွာဒေသခံ ဦးစောငြိမ်းဖြူက ပြောပါတယ်။

"ညနေက ထွေအုပ်ကနေ စာပို့လာတယ်တဲ့။ ဦးလေးတို့ စိုက်ထားတဲ့တိုင်ကို ပြန်နုတ်ပေးပါ တဲ့။ ပြန်မနုတ်လို့ရှိရင် အရေးယူမယ်တဲ့။ အရေးယူမယ်ဆိုရင် ဟုတ်ပြီ ကျနော် နုတ်ပေးမယ်။ အစိုးရအဖွဲ့တွေ၊ ထွေအုပ်တွေ၊ ကျနော်တို့ လုပ်ထားတဲ့လုပ်ငန်းကို ကွင်းဆင်းစစ်ဆေး၊ လာစစ်ဆေးညှိနှိုင်းပြီးမှပဲ နုတ်ပေးမယ်။ ကျနော်က အဲလိုမျိုး ပြောပြီးတော့ တင်ပြခိုင်းလိုက်တယ်"

ဒေသခံတွေအနေနဲ့  တောင်းဆိုခွင့်ရှိပေမယ့် အခုလို အများပြည်သူသွားလာတဲ့လမ်းမှာ တိုင်စိုက်ထားတာတွေဟာ ဥပဒေကို ချိုးဖောက်ရာရောက်နေတယ်လို့ ဦးမျိုးမင်းထွန်းက ပြောပါတယ်။

လွန်းညတောင်ကနေ ကျောက်တွေသယ်ယူတဲ့ ကုမ္ပဏီယာဉ်တွေ ဖြတ်သန်းသွားလာနိုင်ဖို့ဆိုပြီး လမ်းတွေ ကို မြေဖို့လိုက်တာကြောင့် မိုးတွင်းမှာ လယ်ကွက်တွေထဲ ရေဝပ်ကုန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂ ဖာလုံအရှည်ရှိတဲ့ လမ်းပေါ်မှာ ဒေသခံတွေက ကျောက်တိုင်ပေါင်း အတိုင် ၂၀ စိုက်ထူထားတာဖြစ်ပါတယ်။

အဲဒီလမ်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်က ကွန်ကရစ်တိုင် ၂ တိုင်စိုက်ထားတာကို ဘယ်သူတွေဖယ်လိုက်မှန်း မသိတာကြောင့် နောက်ထပ် တိုင် ၂၀ ထပ်စိုက်ထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာရှအဝေးပြေးလမ်းဖောက်ဖို့အတွက် China Road and Bridge Corporation နဲ့ ချစ်လင်းမြိုင် တိုယိုတာ ကုမ္ပဏီတို့ ပူးပေါင်းပြီး လွန်းညတောင်က ကျောက်တွေထုတ်ယူတာကို ဒေသခံတွေက ကန့်ကွက်နေကြ တာဖြစ်ပါတယ်။

လွန်းည၊ ကမော့မို၊ ကော့ခေ၊ တံတားဦး စတဲ့ကျေးရွာတွေဟာ လွန်းညတောင်ကို အမှီပြုနေတဲ့ ကျေးရွာတွေဖြစ် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။