လွိုင်ကော် ဘွဲ့နှင်းသဘင်ခန်းမ ပျက်စီးမှု စိစစ်ရေးအဖွဲ့ ဖွဲ့စည်း
2016.09.30

ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ပျက်စီးတာနဲ့ ပတ်သက်ပြီး လေ့လာစိစစ်ရေးအဖွဲ့ကို ကျောင်းသား၊ အစိုးရ၊ ကုမ္ပဏီနဲ့ ဆရာ၊ ဆရာမ ကိုယ်စားလှယ်တွေ ပါဝင်ပြီး ဖွဲ့စည်းလိုက်ပါတယ်။
ဒီတွေ့ဆုံပွဲမှာ ကော်မတီဝင် ၁၀ ဦးပါတဲ့ လေ့လာစိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်တာဖြစ်ပြီး ကျောင်းသားတွေ စိတ်ကြိုက်ရွေးချယ်တဲ့ အင်ဂျင်နီယာတစ်ယောက်နဲ့ ကုမ္ပဏီဘက်က ရွေးချယ်တဲ့ အင်ဂျင်နီယာတစ်ယောက် ပူးပေါင်းပြီး ဘွဲ့နှင်းသဘင်ခန်းမဆောင် ပျက်စီးယိုယွင်းနေတာကို စိစစ်သွားမှာဖြစ်တယ်လို့ ကယားပြည်နယ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ခွန်းရဲမင်းကျော်ကပြောပါတယ်။
လေ့လာစိစစ်ရေးအဖွဲ့ထဲမှာ ကျောင်းသားဘက်က သုံးဦး၊ ပြည်နယ်အစိုးရဘက်က တာဝန်ရှိသူနှစ်ဦး၊ ကုမ္ပဏီနဲ့ ဆရာဆရာမတွေဘက်က သုံးဦးနဲ့ လေ့လာစောင့်ကြည့်သူ ၂ ဦးပါဝင်မှာဖြစ်တယ်လို့ဆိုပါတယ်။
လွိုင်ကော်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကို ပြီးခဲ့တဲ့အစိုးရလက်ထက် ၂၀၁၅ ခုနှစ်ဘတ်ဂျက်ထဲကနေ ကျပ်သိန်းပေါင်း ၁၃၀၀၀ ကျော် အကုန်ကျခံပြီး KMG ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပါတယ်။
ခန်းမကို ၂၀၁၆ ခုနှစ်ဖေဖေါ်ဝါရီလမှာဖွင့်လှစ်ပြီး လက်ရှိအချိန် ခန်းမဆောင်ဟာ အက်ကြောင်းထတာတွေ အောက်ခြေပိုင်း ပျက်စီးတာတွေ ဆိုးဆိုးဝါးဝါးဖြစ်နေတာကြောင့် ဒီလထဲမှာ ကယားပြည်နယ် ကျောင်းသားသမဂ္ဂကနေ နှစ်ကြိမ် ဆန္ဒပြခဲ့တာပါ။
ပြီးခဲ့တဲ့စက်တင်ဘာလ ၂၈ ရက်နေ့ ဒုတိယအကြိမ်မြောက် ဆန္ဒပြပွဲမှာ လေးပွင့်ဆိုင်တွေ့ ဆုံ ဆွေးနွေးဖို့ ကယားပြည်နယ် အစိုးရဘက်ကသဘောတူခဲ့ပြီး ဒီကနေ့ တွေ့ဆုံပွဲကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ဦးဆောင်တဲ့ ပြည်နယ်အစိုးရအဖွဲ့၊ ကယားပြည်နယ်ကျောင်းသားသမဂ္ဂ၊ ကုမ္ပဏီနဲ့ လွိုင်ကော်တက္ကသိုလ်က ပါမောက္ခချုပ် ဦးဆောင်တဲ့ ဆရာဆရာမအဖွဲ့နဲ့လေ့လာစောင့်ကြည့်ရေးအဖွဲ့ကသူတွေ တက်ရောက်ခဲ့ပါတယ်။