ဦးကိုနီ လုပ်ကြံခံရမှု သူ့အပေါ် စွပ်စွဲသူတွေကို တရားစွဲမယ်လို့ မိုင်းဖြတ် ကိုယ်စားလှယ်ပြော


2017.02.27
linzawtun-620.jpg ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ မိုင်းဖြတ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ ဆက်လက် စွပ်စွဲပြောကြားသူတွေကို တရားဥပဒေလမ်းကြောင်းအရ အရေးယူသွားမယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ မိုင်းဖြတ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း က ပြောပါတယ်။

ဒီနေ့ ပြည်ထောင်စုလွှတ်တော်အပြီးမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း က သူ့အပေါ် စွပ်စွဲပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာသမားတွေရဲ့ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားခဲ့ တာဖြစ်ပါတယ်။

ဦးကိုနီကို လုပ်ကြံရာမှာပါဝင်တဲ့ အငြိမ်းစားဒုတိယဗိုလ်မှူးကြီး အောင်ဝင်းခိုင်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းတို့ဟာ စစ်တက္ကသိုလ်အပတ်စဉ် ၃၆ ဆင်းတွေ ဖြစ်ကြပါတယ်။

ဦးကိုနီကို လုပ်ကြံမှုမှာ ပါဝင်သူတွေထဲက ဇေယျာဖြိုးဆိုသူဟာ လက်ဖက်ရည်ဆိုင်မှာ ဦးလင်းဇော်ထွန်း၊ ဦးအောင်ဝင်းခိုင် တို့နဲ့ တွေ့ဆုံပြီး ဦးကိုနီရဲ့ လုပ်ဆောင်ချက်တွေအပေါ် ပြောဆိုဆွေးနွေးပြီး အဲဒီကတဆင့် ပုဂ္ဂိုလ်ရေး မကျေနပ်မှုတွေကြောင့် လုပ်ကြံဖို့ အစပြုခဲ့တာဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ထဲရေးဝန်ကြီးဌာနက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ်ဇော်ဝင်းက ပြောကြားခဲ့ပါတယ်။

အဲဒီလက်ဖက်ရည်ဆိုင်မှာ ဆုံစဉ်က အမုန်းတရားဖြစ်လာနိုင်တဲ့ တဖက်စွန်းရောက်တဲ့ ဆွေးနွေးချက်တွေမရှိဘူးလို့ လည်း ဦးလင်းဇော်ထွန်း က ပြောပါတယ်။ ဦးလင်းဇော်ထွန်းဟာ ပြည်ထဲရေးဝန်ကြီးဌာနက ခေါ်ယူစစ်ဆေးမှု ခံခဲ့ရတယ်လို့လည်း ပြောပါတယ်။ ဦးလင်းဇော်ထွန်းက ဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး အမှုမှန်မြန်မြန်ပေါ်ဖို့ ဆုတောင်းကြောင်း ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်က ရန်ကုန်လေဆိပ်မှာ ရောက်ရှိစဉ် သေနတ်နဲ့ အနီးကပ် လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။

ဦးကိုနီလုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ နဂါးလေး(ခ) အောင်နိုင်မြင့် တို့ကို ဖမ်းဆီးရမိထားပြီး အောင်ဝင်းခိုင် ဆိုသူက လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။