ပြည်ပအလုပ်သမားစေလွှတ်မှု တစ်လ လူဆယ်ဦးခန့်သာ ခွင့်ပြုတော့မယ်လို့ စစ်ကောင်စီကြေညာ
2025.03.27
Update: 9: 15 PM, Mar 27, 2025
စစ်ကောင်စီက ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေကို အလုပ်သမားစေလွှတ်မှုပမာဏကို လျှော့ချလိုက်ပြီးနောက် အခြားနိုင်ငံတွေအတွက်လည်း အလုပ်ခေါ်စာအသစ်တစ်ခုကို တစ်လကို လူ ၁၀ ဦးသာ ခွင့်ပြုတော့မယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက မတ်လ ၂၇ ရက် ဒီနေ့ ကြေညာပါတယ်။
အေဂျင်စီတစ်ခုဟာ အလုပ်ခေါ်စာအသစ်တစ်ခုကို တစ်လမှာ ထိုင်းနိုင်ငံအတွက် ၅၀ ဦး၊ ဂျပန်နိုင်ငံအတွက် ၁၅ ဦး၊ ကိုရီးယား သင်္ဘောကျင်းကျွမ်းကျင်နဲ့ ရေလုပ်ငန်းအတွက် ၁၀ ဦး၊ စင်ကာပူနိုင်ငံအတွက် ၅ ဦး၊ မလေးရှား နိုင်ငံအတွက် ၂၀ စီသာ တင်ပြရမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့တာပါ။
အဲဒီနောက် အခြားနိုင်ငံတွေအတွက် ကန့်သတ်ချက်ကို ဆက်လက်ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။အရင်က အလုပ်သမားအရေအတွက်ကို ကန့်သတ်ခဲ့တာမရှိခဲ့တဲ့အတွက် အခုကန့်သတ်ချက်က အလုပ်အကိုင် အေဂျင်စီတွေအတွက် အခက်ကြုံစေနိုင်တယ်လို့ ရန်ကုန်မြို့အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီ တစ်ခုက တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။
“ကျွန်မတို့က ပြည်ပကတောင်းဆိုမှုရှိသလောက် အလုပ်သမားတွေပို့နေခဲ့တာ။ အခုလိုမျိုးကန့်သတ်တာ တစ်ခါမှ မကြုံခဲ့ရဖူးဘူး။ တစ်ချို့စက်ရုံကြီးတွေဆို တောင်းဆိုမှုများတဲ့အတွက် တစ်လတည်းမှာ စက်ရုံ တစ်ရုံကို အလုပ်သမား တစ်ရာကနေ သုံးရာအထိ ပို့ခဲ့ရတာလည်းရှိခဲ့ဖူးတယ်။ အခုတော့ ဆင့်ပါးစပ်ကို နှမ်းပက်သလို မျိုးတော့ ဖြစ်သွားမှာပေါ့”
ဒီကန့်သတ်ချက်နဲ့ပတ်သက်လို့ ကို အလုပ်သမားဝန်ကြီးဌာနက စာနဲ့ တိုက်ရိုက်ညွှန်ကြားလာတာ မရှိသေးဘူး လို့လည်းဆိုပါတယ်။
၂၀၂၅ ဇန်နဝါရီလ ၃၀ ရက်နေ့မတိုင်မီ အလုပ်ခေါ်စာအတွက်တင်ပြထားတဲ့ မြန်မာအေဂျင်စီတွေအနေနဲ့ အခုသတ်မှတ်ချက်အတိုင်း ပြန်လည်ပြင်ဆင်ပြီး မတ်လ ၂၅ ရက်နေ့ကစလို့ တင်ပြရမယ်လို့ဆိုပါတယ်။
နောက်ထပ် အလုပ်ခေါ်စာအသစ်တွေအတွက် လာမဲ့ မေလ ၂ ရက်နေ့ကစလို့ လက်ခံဆောင်ရွက်သွားမယ်လို့လည်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ လောလောဆယ် စစ်ဆေးအတည်ပြုထားတဲ့ အလုပ်ခေါ်စာတွေကို ပြန်ပြင်ရမှာက တော်တော်လေး အခက်အခဲရှိနိုင်တယ်လို့ အဲဒီပြည်ပအလုပ်အကိုင်အေဂျင်စီ တာဝန်ရှိသူက ဆက်ပြောပါတယ်။
“ဒီတောင်းဆိုစာတွေက တရားဝင်ထွက်ပြီးသားတွေပါ။ သံအရာရှိတွေ စစ်ဆေးပြီးသားဟာတွေ၊ သံရုံးတွေက လည်း စစ်ထားပြီးသားပါ။ သူတို့စစ်ဆေးပြီးသားဟာကို ပြန်ပြင်ဖို့က ကျွန်မတို့အတွက် ခက်ခဲပါတယ်။ ဟိုဘက်က စက်ရုံတွေက ဒါကို သိမှာမဟုတ်ဘူး။ ကျွန်မတို့က အလုပ်ရှင်တွေနဲ့ စကားပြောရမှာတွေကလည်း ရှိသေးတယ်”
မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ဖေဖော်ဝါရီလကစလို့ စစ်ကောင်စီက အသက်သွင်းလိုက်ပြီး နောက် ဒီဥပဒေနဲ့ အသက်အရွယ်အကျုံးဝင်တဲ့ လူငယ်တွေဟာ ပြည်ပနိုင်ငံတွေကို နည်းလမ်းပေါင်းစုံနဲ့ ထွက်ခွာတာတွေ ရှိနေတာပါ။
စစ်ကောင်စီက ပြည်ပကိုသွားရောက်အလုပ်လုပ်မဲ့သူအရေအတွက်ကို လျှော့ချလိုက်တာဟာ လူငယ်တွေ ပြည်ပထွက်ခွာနေတာတွေကို တားဆီးချင်လို့ ဖြစ်နိုင်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ တာဝန်ရှိသူ အချို့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီပေါင်း ခြောက်ရာခန့်ရှိပြီး စစ်ကောင်စီရဲ့ နည်းမျိုးစုံနဲ့ ကန့်သတ်ချုပ်ချယ်မှုတွေကြောင့် အဲဒီအထဲက အေဂျင်စီငါးရာခန့် အလုပ်ရပ်နားထားရတယ်လို့လည်း ပြည်ပ အလုပ်အကိုင်အေဂျင်စီတွေကပြောပါတယ်။