ပြည်သူ ၉၀ ရာခိုင်နှုန်းကျော် သတင်းစာမဖတ်နိုင်


2014.03.17
newspaper_tea_shop_305_z.jpg အစိုးရထုတ် သတင်းစာတစောင်ကို လမ်းဘေး လက်ဖက်ရည်ဆိုင်တခုတွင် ဖတ်ရှုနေသူများ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

မြန်မာနိုင်ငံမှာ သတင်းစာဖတ်နိုင်တဲ့ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ သတင်းစာဖတ်ခွင့် လုံးဝမရရှိ ဘဲ ဖြစ်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးက ပြော ပါတယ်။

ပြည်သူအများစုဟာ ကျေးလက်ဒေသနဲ့ ဝေးလံ တဲ့ဒေသတွေမှာ နေထိုင်သူတွေဖြစ်တဲ့အပြင်၊ သတင်းစာ ဝယ်မဖတ်နိုင်လောက်အောင် ဆင်းရဲနွမ်းပါးနေသူတွေ ပါဝင်တယ်လို့ ပြန်ကြားရေး ဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

နေပြည်တော်မှာ ဒီကနေ့ ကျင်းပခဲ့တဲ့ ပြည်သူ လွှတ်တော်မှာ ပြန်ကြားရေးဝန်ကြီးဋ္ဌာနရဲ့ အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း တင်သွင်းချိန်မှာ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ထည့်သွင်း ပြောကြားခဲ့တာပါ။

"ယနေ့ မြန်မာနိုင်ငံမှာ စုစုပေါင်း သတင်းစာစောင်ရေ ၆ သိန်းကျော်ခန့်သာ ထုတ်ဝေနိုင်ပါသေးတယ်၊ သတင်းစာတစ်စောင်ကို လူ ၁ဝ ယောက် ဖတ်တယ်လို့ ယူဆပြီးတော့ တွက်ချက်ရင် အသက် ၁ဝ နှစ်နဲ့ အထက် သတင်းစာဖတ်နိုင်တဲ့ လူဦးရေ ၄၉ သန်းမှာ ၄၃ သန်းခန့်ဟာ သတင်းစာ လုံးဝဖတ်ခွင့်မရ ဘဲ ဖြစ်နေတာကိုလည်း ကျနော်တို့ သတိပြုကြဖို့ လိုအပ်ပါတယ်၊ အများစုဟာ ကျေးလက်ဒေသ နဲ့ ဝေးလံတဲ့ဒေသတွေမှာ နေထိုင်နေကြသူများနဲ့ နေ့စဉ်သတင်းစာကို ဝယ်မဖတ်နိုင်လောက်အောင် ဆင်းရဲနွမ်းပါးနေသူများ ဖြစ်ကြပါတယ်"

ဒီကနေ့ ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးဖို့ အတည်ပြုခဲ့တဲ့ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းဟာ  အစိုးရသတင်းမီဒီယာတွေကို အများပြည်သူ ဝန်ဆောင်မှုပေးတဲ့ မီဒီယာတွေအဖြစ် ပြောင်းလဲဖို့အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲခဲ့တာလို့ သိရပါတယ်။

ဒ့ါအပြင် အဲဒီမီဒီယာဥပဒေကြမ်းကို ရေးဆွဲတဲ့အခါမှာ ပြည်သူ့လွှတ်တော် အားကစားယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေး တိုးတက်ရေးကော်မတီနဲ့ ဆွေးနွေးခဲ့သလို အစိုးရအဖွဲ့အစည်းအဝေးတွေမှာလဲ တင်ပြအတည်ပြုချက်ရယူခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီအကြောင်း RFA အဖွဲ့သူ ဒေါ်စမ်းစမ်းတင်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။