သိမ်းဆည်းမြေ ဧက ၁၀၀၀ ယာယီလုပ်ခွင့် ပြန်ပေး
2014.06.24

ကယားပြည်နယ် လွိုင်ကော်မြို့မှာ လောပိတ ရေအား လျှပ်စစ် လုံခြုံရေးအတွက် သိမ်းဆည်းထားခဲ့တဲ့ လယ်ယာမြေတွေထဲက ဧကတစ်ထောင်ကို လွိုင်ကော်မြို့နယ် မထောခူကျေးရွာမှာ ဒီနေ့ အခမ်းအနားကျင်းပပြီး ပြည်နယ်အစိုးရ က တောင်သူတွေထံ ပြန်လည်ပေးအပ်ခဲ့ပါတယ်။
လွိုင်ကော်မြို့နယ် လောပိတနဲ့မထောခူ ကျေးရွာအုပ်စု အတွင်းမှာရှိတဲ့ ကျေးရွာ ၁၀ ရွာလောက်က ဒေသ ခံတောင်သူ ၃၀၀ လောက်ကို ယာယီလုပ်ပိုင်ခွင့် လက်မှတ် ထုတ်ပေးတာဖြစ်ကြောင်း လွိုင်ကော် မြို့နယ် မြေယာအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ဦးအောင်ဆွေက ပြောပါတယ်။
"အမှတ် ၃၆၂ ခြေမြန်တပ်ရင်းကနေပြီးတော့ လွှဲပြောင်းပေးအပ်တဲ့ ၁၆၃၇ ဧကထဲကနေပြီးတော့မှ သက်ဆိုင်ရာကျေးရွာမှာရှိတဲ့ လယ်သမားများက လျှောက် ထားလာပါတယ်၊ လျှောက်ထားလာမှုကို ကျေးရွာအုပ်စုအဆင့်မှာရှိတဲ့ မြေယာစိစစ်မှုကော်မတီရယ်၊ မြို့နယ်မြေယာစစ်ဆးမှုကော်မတီရယ် အဆင့်ဆင့်က စိစစ်ပြီးတဲ့အချိန်မှာ ရှင်းရှင်းလင်းလင်းနဲ့ ပေးလို့ရတဲ့ လယ်သမားများကို ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်ခြင်းလည်းဖြစ်ပါတယ်၊ အဲဒီမှာလျှောက်ထားတဲ့ တောင်သူ များထဲကနေပြီးမှ ၂၉၂ ဦးကို ယာယီမှတ်ပုံတင်လက်မှတ်များ ပေးအပ်သွားမှာဖြစ်ပါတယ်"
လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ်က အမှတ် ၃၆၂ ခြေမြန်တပ်ရင်းက လောပိတ ရေအားလျှပ်စစ်စက်ရုံ လုံခြုံရေး အတွက် လောပိတနဲ့မထောခူ ကျေးရွာအုပ်စုအတွင်းက ကျေးရွာ ၁၀ ရွာလောက်က လယ်မြေဧက သောင်းဂဏန်း နီးပါးကို သိမ်းခဲ့တာလို့ တောင်သူတွေက ပြောပါတယ်။
စစ်တပ်ကသိမ်းယူခဲ့တဲ့ လယ်ယာမြေတွေကို တောင်သူတွေကို ပြန်လည်လုပ်ပိုင်ခွင့်ပေးဖို့ ယာယီလက်မှတ် ထုတ်ပေးတာဟာ လွိုင်ကော်မြို့မှာ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။
ဒီနေ့ လယ်ယာမြေ ပြန်လည်ပေးအပ်ပွဲ အခမ်းအနားကို ကယားပြည်နယ်အစိုးရအဖွဲ့၊ လွိုင်ကော်မြို့နယ် မြေယာအသုံးချမှု စီမံခန့်ခွဲရေးကော်မတီနဲ့ ဒေသခံတောင်သူတွေ တက်ရောက်ခဲ့ကြပါတယ်။