လောင်းလုံးမှာ စိတ်ဝေဒနာသည်အပါအဝင် နှစ်ဦး ပစ်သတ်ခံရ

2022.11.26
လောင်းလုံးမှာ စိတ်ဝေဒနာသည်အပါအဝင် နှစ်ဦး ပစ်သတ်ခံရ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တစ်နေရာကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ညောပြင်ရွာမှာ နိုဝင်ဘာလ ၂၅ ရက် မနေ့မနက်ပိုင်း က စိတ်ကျန်းမာရေး ဝေဒနာသည်တစ်ဦးအပါအဝင် ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်သား တွေက ဖမ်းဆီးပြီးနောက် ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နှစ်ဦးစလုံးကို ရွာရဲ့ သင်္ချိုင်းထံ ဖမ်းဆီးခေါ်ဆောင်ကာ PDF စခန်းရှိ၊ မရှိ မေးမြန်းခဲ့ပြီး ပစ်သတ်လိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနက်အစောပိုင်းမှာ အင်အား ၄၀ လောက်နဲ့ ဆိုင်ကယ်တွေနဲ့ ညောပြင်ရွာထဲကို ဝင်လာတယ်။ ရွာတွေမှာ ဝင်မွှေ တယ်။ တွေ့တဲ့လူတွေကို ဖမ်းတယ်။ သင်္ချိုင်းဘက်ကို ခေါ်သွားပြီးတော့ နေပူထဲမှာ ထိုင်ခိုင်းထားတယ်။ ကိုကျော်စိုး၊ ဦးလေးဝါစားနဲ့ နှစ်ယောက်ကို ရိုက်ကြတယ်။ ဒီရွာမှာ PDF စခန်း ရှိလားဆိုပြီးတော့ မေးတယ်။ သူတို့က မသိဘူးလို့ ဖြေတော့ ရိုက်နှက်ပြီးတော့ သေနတ်နဲ့ သူတို့ရွာသားတွေရှေ့မှာပဲ ပစ်သတ်ခဲ့တာ”

ဦးလေးဝါစားဆိုသူဟာ အသက်အရွယ်ကြီးနေတဲ့ စိတ်ကျန်းမာရေးဝေဒနာရှင်ဖြစ်ပြီး ကိုကျော်စိုးကတော့ ထားဝယ်ဇာတိမဟုတ်ဘဲ အထက်မြန်မာပြည်ကနေ ဒီရွာကို ရွှေ့ပြောင်းလာပြီး စျေးရောင်းနေသူဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီတပ်သားတွေဟာ ညောပြင်ရွာထဲကိုဝင်ရောက်ပြီး ဒေသခံတွေရဲ့ ဆိုင်ကယ် ကိုးစီးနဲ့ ရွှေ၊ ငွေ တွေကိုပါ ယူဆောင်သွားတယ်လို့ ဒေသခံတွေကပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

ညောပြင်ရွာဟာ ကမ်းခြေအစပ်မှာရှိတဲ့ တံငါရွာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ဝင်လာတာကြောင့် အများစုကတော့ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီနေ့အချိန်အထိတော့ အားလုံးနီးပါး ရွာကို ပြန်မလာနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီသတ်ဖြတ်ခံရမှုကိစ္စနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။

တနင်္သာရီတိုင်း အခြေအနေတွေကို သုတေသနပြု စောင့်ကြည့်လေ့လာနေတဲ့ Southern Monitor က ပြုစုထားတဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းကာလ အခုနှစ် စက်တင်ဘာလ ကုန်အထိ တနင်္သာရီတိုင်းမှာ ဒေသခံ (၂၉၃) ဦး သေဆုံးခဲ့ပြီး ထားဝယ်၊ လောင်းလုံး၊ ရေဖြူ နဲ့ သရက်ချောင်းမြို့နယ်တွေက အခြားမြို့နယ်တွေထက် သေဆုံးမှုအရေအတွက် သိသိသာသာ များပြားနေတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။