ဟိုတယ်ရှေ့ ဗြောက်အိုးဖေါက် ဆန္ဒပြသူ အဖမ်းခံရ
2014.03.30

လက်ပံတောင်းတောင် သပိတ်စခန်းအကြမ်းဖက်ဖြိုခွဲ ခံရမှု ၁၆ လပြည့်အနေနဲ့ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်ရှေ့မှာ ဒီကနေ့နေ့လည်ပိုင်း က ဗြောက်အိုးပစ်ဖေါက်ဆန္ဒပြခဲ့သူ ကိုအောင်ကိုဦး ကို ကျောက်တံတား ရဲစခန်းက အများပြည်သူ အထိတ်တလန့်ဖြစ်စေမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။
အခုလို ဗြောက်အိုးပစ်ဖေါက်ခဲ့ရတာနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခေါ်ဆောင်နေချိန်မှာ ကိုအောင်ကိုဦး က သတင်းမီဒီယာတွေကို အခု လိုပြောခဲ့ပါတယ်။
"ကျနော်တို့ ဒီနေ့ဆိုရင် လယ်တီသိမ်ကြီးကို ဖျက်ဆီးတော့မယ်ဗျ၊ဖျက်ဆီးမှာကို မကျေနပ်တဲ့ အတွက် ကျနော်ခုလို ဗြောက်အိုးဖေါက်ရတာပါ၊ လက်ပံတောင်းမှာရှိနေတဲ့ လယ်တီ သိမ်ကို ဖျက်ဆီး ဖို့ ကြိုးစားနေတယ်ဗျ၊ အဲ့ဒါကို မကျေနပ်လို့ပါဗျ"
ဒါအပြင် ဒီကနေ့မှာကျရောက်တဲ့ လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခံရမှု ၁၆ လပြည့် အထိမ်းအမှတ်အနေနဲ့ ဒီမိုကရေစီအင်အားစုများအဖွဲ့ကလည်း ရန်ကုန်မြို့ မြို့တော် ခန်းမအနီး ဆန္ဒပြခဲ့ကြသလို ကြေညာချက် တစ်စောင်လည်း ထုတ်ပြန်ခဲ့ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာထဲမှာရှိတဲ့ သိမ်တော်ကို စီမံကိန်းနေရာနဲ့ လွတ်ကင်းရာကို ပြောင်းရွေ့ဖို့အတွက် ဒေသအာဏာပိုင်တွေက နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ကြီးရဲ့ ခွင့်ပြုချက်ကို ရရှိထားပြီးပြီလို့လည်း သိရပါတယ်။