လက်ပန်းတောင်းတောင်အရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာရှင်းလင်းပွဲ
2012.12.06

"အမှန်တရားကိုဖော်ထုတ်မယ် ကျွန်မတို့ရဲ့ တင်ပြချက်တွေမှာ နိုင်ငံရဲ့ရည်ရှည်အကျိုးစီးပွား၊ ပြည်သူတွေရဲ့ ရည်ရှည်အကျိုးစီးပွားနဲ့ ဒီမိုကရေစီခိုင်မာရေးရဲ့ အကျိုးစီးပွားတွေကို ကျွန်မတို့ကြည့်ရမယ် "
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ကျင်းပတဲ့ လက်ပံတောင်းတောင်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင် သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာပါ။
စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့တာဝန်နဲ့ ပြည်သူတွေကို အသိပေးရမယ့် တာဝန်နဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဆက်ပြောပါတယ်။
"ကျွန်မတို့ မြင်ရင်မြင်တဲ့အတိုင်းတင်ပြမယ်၊ လူတိုင်းကိုကျေနပ်အောင် ဆိုတာလုပ်လို့မရပါဘူး၊ ကော်မရှင်တစ်ခုအနေနဲ့ လူတိုင်းကို ကျေနပ်အောင်လုပ်ဖို့ဆိုတာ ကော်မရှင်တစ်ခုရဲ့ တာဝန်မဟုတ်ပါဘူး၊ ကော်မရှင်ရဲ့ တာဝန်ဟာ အမှန်တရားကိုဖော်ထုတ်ဖို့၊ ဒီအမှန်တရားကို အခြေခံပြီး နိုင်ငံအတွက်အကောင်းဆုံး၊ တိုင်းသူပြည်သားတွေအတွက် အကောင်းဆုံးဖြစ်မယ်ထင်တာကို ရဲရဲဝံ့ဝံ့နဲ့ တင်ပြဖို့ပါ"
မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီး မြှုပ်နှံတဲ့ တရုတ်ကုမ္ပဏီတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိခဲ့တဲ့အတွက် အခုလို ပြဿနာတွေ ဖြစ်ခဲ့ရကြောင်း၊ ဒါကြောင့် ကော်မရှင်အနေနဲ့ အစိုးရရဲ့ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုအတွက် တင်ပြချက်ထဲမှာ ထည့်သွင်းသွားမှာ ဖြစ်ကြောင်း၊ နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်အောင် တင်ပြသွားမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
လက်ပံတောင်းတောင်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ သတင်းထုတ်ပြန်ချက်တွေက လွဲပြီး သတင်းထောက်တွေကို သီးသန့်တွေ့ဆုံဖြေကြားမှာ မဟုတ်ဘဲ လိုအပ်တဲ့အခါ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။ သပိတ်စခန်းဖြိုခွဲခံရတာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးပြီး အဖြေပေါ်မှသာ ထုတ်ပြန် အသိပေးသွားမယ်လို့လည်း ပြောခဲ့ပါတယ်။