လိုင်ဇာအဝင်ဂိတ် ဆယ်နှစ်ကျော်အကြာမှာ ကေအိုင်အေပြန်ဖွင့်

RFA Burmese
2024.04.26
လိုင်ဇာအဝင်ဂိတ် ဆယ်နှစ်ကျော်အကြာမှာ ကေအိုင်အေပြန်ဖွင့် ကချင်ပြည်နယ် လိုင်ဇာမြို့အဝင်ဂိတ် ဆိုင်ဘုတ်အသစ်ဖွင့်ပွဲအခမ်းအနားအား ၂၀၂၄ ခုနှစ် ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အဝင်ဂိတ်ကို ဆယ်နှစ်ကျော်အကြာ ဧပြီလ ၂၆ ရက်နေ့မှာ ကေအိုင်အေက ပြန်ဖွင့်လိုက်ပါတယ်။

စစ်ကောင်စီတပ်တွေ အခြေချထားတဲ့ လိုင်ဇာအဝင်လမ်းဂိတ်ကို ကေအိုင်အေက ပြန်ရလိုက်တာဟာ စစ်ရေးအရ အရေးပါတဲ့အောင်မြင်မှုလို့ လိုင်ဇာဒေသခံတစ်ဦးက ပြောပါတယ်။

"စစ်ကောင်စီတပ်တွေက အခုဆုတ်သွားပြီပေါ့နော် ကေအိုင်အေဘက်က ထိုးစစ်ဆင်တော့လေ။ အဲဒါကြောင့် ကေအိုင်အေ ပြန်ထိုင်ပြီး လမ်းဟောင်းကို ပြန်ဖွင့်တာပေါ့။ လမ်းဆိုတာထက် အရင်က အဲဒီနေရာမှာ စစ်ကောင်စီတပ်တွေ ထိုင်ပြီး လိုင်ဇာကို ခြိမ်းခြောက်နေတာပေါ့။ အဲ့နားတဝိုက် တောင်ကုန်းတွေပေါ် တပ်စခန်းတွေကနေ လိုင်ဇာကို ခြိမ်းခြောက်နေတာပေါ့ အခုသူတို့က ဆုတ်ခွာသွားပြီဆိုတော့ လိုင်ဇာအတွက် ကောင်းတာပေါ့။ စစ်ရေးအရကြည့်ရင် ဒီနေရာကို ကေအိုင်အေက ပြန်ရလိုက်တာ အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်တာပေါ့။ တစ်ကျော့ပြန်ဖြစ်ပြီးချိန်မှာ ဒီတောင်ကုန်းပတ်ချာလည်ကနေ စစ်ကောင်စီတပ်တွေက လိုင်ဇာကို ဝိုင်းထားလိုက်တဲ့သဘောပဲ။ အခုအနေအထားမှာတော့ ပြီးခဲ့တဲ့လက ကေအိုင်အေ ထိုးစစ်ဆင်တာမှာ အနားမှာရှိတဲ့ စစ်ကောင်စီစခန်း ၆ဝ လောက် ဆုတ်ခွာသွားရတယ်။ တပ်ရင်းစခန်းတွေ ဗျူဟာကုန်းတွေ တော်တော်များများကို (ကေအိုင်အေ) သိမ်းလိုက်နိုင်တာပေါ့နော်။ အဲဒီတော့ လိုင်ဇာကို လက်နက်ကြီးနဲ့ ခြိမ်းခြောက်နိုင်စွမ်းမရှိတော့ဘူး"

KIA ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က သူ့ရဲ့ဖေ့စ်ဘွတ်လူမှုကွန်ရက် စာမျက်နှာမှာလည်း ဒီလိုင်ဇာလမ်းပြန်ဖွင့်လိုက်တာဟာ “အောင်ပွဲခံခြင်းမဟုတ်ဘဲ ၁၀ နှစ်ကျော်မှ လိုင်ဇာဝင်ပေါက်တွေ ပြန်ဖွင့်နိုင်ခဲ့ကြချိန် ဒေသနေပြည်သူတွေ အတိုင်းအတာတစ်ခုအထိ လွတ်လပ်မှုရသကို ပြန်ရရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံး လွတ်လပ်မှုအရသာ ခံစားနိုင်ဖို့ ဆက်လက်ကြိုးစားရပါဦးမယ်” လို့ ရေးသားထားပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

လိုင်ဇာမြို့အဝင် ဆိုင်းဘုတ်အသစ်ကို လိုင်ဇာ-လဂျာယန်-ဗန်းမော်လမ်းဆုံနားမှာရှိတဲ့ လိုင်ဇာလမ်းမမှာ စိုက်ထူလိုက်တာလို့ ဒေသခံတွေက ဆိုပါတယ်။ ကချင်ပြည်နယ်မှာ ၂ဝ၁၁-၂၀၁၂ ခုနှစ်က ကချင်တစ်ကျော့ပြန်စစ်ပွဲတွေ ဖြစ်ပွားချိန်မှာ အဲဒီလိုင်ဇာအဝင်ဂိတ်ကို မြန်မာစစ်တပ်က ထိန်းချုပ်လိုက်ပြီး တပ်စွဲထားတာဖြစ်ပါတယ်။

(KIA) က မတ်လ ၇ ရက်နေ့မှာ စစ်ဆင်ရေးစတင်ခဲ့ပြီး တစ်လကျော်ကြာ တိုက်ပွဲကာလအတွင်း KIA ဌာနချုပ်ရှိရာ လိုင်ဇာအနီးတစ်ဝိုက်မှာ ဆယ်စုနှစ်ချီကြာ စစ်ကောင်စီတပ်စွဲထားတဲ့ ဘွမ်ရယ်၊ ခယာအပြင် အရင် KIO ဌာနချုပ်ဖြစ်ခဲ့တဲ့ နာဖော့ တပ်စခန်းကို သိမ်းယူထားပြီးနောက် အခုလို လိုင်ဇာမြို့အဝင် ဂိတ်ကိုပါ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာပါ။ စစ်ကောင်စီ တပ်စခန်း ခြောက်ဆယ်ကျော်ကို သိမ်းယူထားတယ်လို့ KIA သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။