လိုင်ဇာအထိ လမ်းလျှောက်ဆန္ဒပြ ခဲ့သူနှစ်ဦးကို ထောင်ဒဏ်တွေ ချမှတ်


2013.12.05
peace-walker-305.jpg မတ်လ ၁၃ ရက်နေ့က လိုင်ဇာမြို့ကို ရောက်ရှိလာတဲ့ မြင်းခြံ ငြိမ်းချမ်းရေးလမ်းလျှောက်သူတွေကို လိုင်ဇာမြို့လူထုက ကြိုဆိုခဲ့ကြစဉ်
photo: RFA/ Kyaw Myo Min

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး ရန်ကုန်ကနေ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြသူတွေထဲက ကိုရန်နိုင်ထွန်းနဲ့ ကိုအောင်မင်းနိုင်တို့ကို ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တရားရုံးက ပုဒ်မ ၁၈၊ တရားမဝင် စီတန်းလှည့်လည်မှုနဲ့ ထောင်ဒဏ် ၇ လစီ ချမှတ်လိုက်ပြီး အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင် လိုက်ပါတယ်။

သူတို့လမ်းလျှောက်စဉ်က ဖြတ်လျှောက်သွားတဲ့ မြို့နယ် ၇ မြို့နယ်အတွက် ထောင်ဒဏ် ၇ လ (သို့မဟုတ်) ငွေဒဏ် ၇ သောင်းပေးဖို့ ရွေးချယ်ခွင့်ပေးခဲ့ ပါတယ်။

ဒါပေမဲ့ ငွေဒဏ်ကို လက်မခံခဲ့ဘူးလို့ လိုင်ဇာငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့က ပြန်ကြားရေးတာဝန်ခံ မနီလာအောင်က ပြောပါတယ်။

“ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်တဲ့သူတွေကို ပုဒ်မ ၁၈ နဲ့ မြို့နယ် ၇ မြို့နယ်အတွက် ငွေဒဏ် တစ်မြို့နယ်ကို တစ်သောင်း၊ ခုနှစ်သောင်းပါ၊ မတရားတဲ့အမိန့်ဖြစ်တဲ့အတွက် ငွေဒဏ်ကိုမဆောင်နိုင်ဘူး လို့ ငြင်းပယ်လိုက်တဲ့အတွက် ထောင်ဒဏ် ၇ လချမှတ်လိုက်ခြင်းဖြစ်ပါတယ်”

၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် တောင်းဆိုသူတွေဟာ ရန်ကုန်ကနေ လိုင်ဇာအထိ လမ်းလျှောက်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ သူတို့ကို မြို့နယ် ၁၂ မြို့နယ်က ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး တရားရုံးချိန်း ၆၀ ကျော်လောက် တက်ခဲ့ရပါတယ်။

ဒီကနေ့မှာတော့ ကျောက်တံတား၊ ပန်းပဲတန်း၊ လသာ၊ လမ်းမတော်၊ အလုံစတဲ့ မြို့နယ် ၇ မြို့နယ်က အမိန့်ချလိုက်တာဖြစ်ပါတယ်။ အင်းစိန်၊ မင်္ဂလာဒုံ၊ လှည်းကူးစတဲ့ မြို့နယ် ၅ မြို့နယ်က အမိန့်ချမှတ်ဖို့ ကျန်နေသေးတယ်လို့လည်း ပြောပါတယ်။

လှိုင်မြို့နယ်တရားရုံးက ပုဒ်မ ၁၈နဲ့ အမိန့်ချမှတ်စဉ် တရားရုံးရှေ့မှာ လူ ၂၀ နီးပါးလောက်က ပုဒ်မ ၁၈ ကိုကန့်ကွက်ကြောင်း ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။