လိုင်ဇာဆွေးနွေးပွဲကနေ အပစ်ရပ်ရေးမူချမှတ်
2013.11.02
ကေအိုင်အေ ဌာနချုပ်လိုင်ဇာမှာ လေးရက်ကြာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲကနေ အပစ်အခတ်ရပ်စဲရေးအတွက် သဘောထားရပ်တည်ချက်တွေကို ချမှတ်လိုက်ပါတယ်။
စနေနေ့ညပိုင်းက ပြီးဆုံးသွားခဲ့တဲ့ အဲဒီဆွေးနွေးပွဲကို မူလက သုံးရက်ကျင်းပဖို့ ရည်ရွယ်ခဲ့ပေမယ့် တက်ရောက်တဲ့အဖွဲ့ဝင်တွေအကြား သဘောထားကွဲလွဲမှုအချို့ ရှိခဲ့တာကြောင့် နောက်ထပ်တစ်ရက်တိုးပြီး ကျင်းပခဲ့တာပါ။
ညီလာခံ နောက်ဆုံးနေ့မှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှုအတွက် ဘုံသဘောထားရပ်တည်ချက် (၁၁) ချက်ကို တက်ရောက်လာတဲ့ အဖွဲ့စည်း ၁၈ ဖွဲ့အနက် ၁၇ ဖွဲ့က သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးအတွက် အဖွဲ့ဝင် (၁၃) ဦးပါ ညှိနှိုင်းရေးအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ ခုလို သဘောတူညီမှုတွေ ရယူနိုင်ခဲ့ကြောင်း ဆွေးနွေးပွဲအပြီး စနေနေ့ညပိုင်းကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က အတည်ပြုပြောဆိုပါတယ်။
ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနက် RCSS /SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီကလွှဲလို့ ကျန် ၁၇ ဖွဲ့က နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှုဆိုင်ရာ ဘုံသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အခုဖွဲ့စည်းခဲ့တဲ့ အပစ်အခတ်ရပ်စဲမှုဆိုင်ရာ ညှိနှိုင်းမှုကော်မတီကို UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနဲ့ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးှ အထွေထွေ အတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းတို့က ခေါင်းဆောင်တွေ အဖြစ်တာဝန်ယူမှာ ဖြစ်တယ်လို့ UNFC အတွင်းရေးမှူး (၂) ဦးခွန်ဥက္ကာက ပြောပါတယ်။
အခုလက်မှတ်ထိုးခဲ့ကြတဲ့ ဘုံသဘောတူညီချက်တွေထဲမှာ အပစ်ခတ်ရပ်စဲမှုပြုလုပ်ရာတွင် နိုင်ငံရေးဆွေးနွေးဖို့အတွက် အာမခံချက်ရှိဖို့ဆိုတဲ့အချက်ကို အဓိကအချက်အနေနဲ့ ဖေါ်ပြထားပြီး အပစ်ခတ်ရပ်စဲပြီးနောက် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် မူဘောင်ရေးဆွဲဖို့ဆိုတဲ့ အချက်လည်းပါဝင်ပါတယ်။ တဆက်တည်းမှာပဲ အဲဒီမူဘောင်တွေရေးဆွဲပြီးနောက် ရက် ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပရမှာဖြစ်တယ်လို့ CNF ချင်းအမျိုးသားတပ်ဦးရဲ့ အဓိပတိကောင်စီဝင် ဒေါက်တာ ဆလိုင်းလျှံမှုန်းဆာခေါန်းက ပြောပါတယ်။
ဒါ့အပြင် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှုကို လက်မှတ်ထိုးတဲ့အခါ အစိုးရအဖွဲ့ ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ လွှတ်တော်နှစ်ရပ်က ဥက္ကဌတွေ ကိုယ်တိုင်ပါဝင်လက်မှတ်ရေးထိုးပေးဖို့၊ ကုလသမဂ္ဂအပါဝင် နိုင်ငံတကာအဖွဲ့စည်းတွေ၊ ပြည်တွင်းနိုင်ငံရေးပါတီ ခေါင်းဆောင်တွေလည်း ပါဝင်အသိမှတ်ပြု လက်မှတ်ရေးထိုးပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။ ဒါ့အပြင်စစ်မက်တွေ ဖြစ်ပွားခဲ့တဲ့ တိုင်းရင်းသား ဒေသတွေမှာ လူသားချင်းစာနာမှု အကူအညီတွေပေးအပ်ဖို့ ၊ တိုင်းရင်းသားဒေသတွေမှာ လာရောက်ရင်းနှီးမှုပြုလုပ်ကြတဲ့အခါ သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတတွေကို အကန့်သတ်မရှိထုတ်ယူမှုတွေ မဖြစ်စေဖို့၊ တိုက်ပွဲတွေကြောင့် နေရပ်တွေကို စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့ စတဲ့ အချက်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
အဲဒီ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု ဘုံသဘောတူညီချက်ကို ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိခဲ့တဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း ခေါင်းဆောင်တွေကတော့ သူတို့အနေနဲ့ လက်မှတ်ထိုးဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ပြောပါတယ်။ ရှမ်းပြည်တပ်မတော်တောင်ပိုင်းရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးခွန်စိုင်းက မိမိတို့ ရှမ်းတိုင်းရင်းသားအဖွဲ့တွေ အချင်းချင်းတိုင်ပင်ပြီးရင် လက်မှတ်ထိုးမှာဖြစ်ကြောင်းနဲ့ မြစ်ကြီးနားမှာ လာမယ့် နိုဝင်္ဘာ ၄ ရက်နေ့ ပြုလုပမယ့် အစိုးရနဲ့တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ဆွေးနွေးပွဲကို မိမိတို့အဖွဲ့ တက်ရောက်မှာဖြစ်ကြောင်း RFA ကို ပြောပါတယ်။
ဒီညီလာခံကနေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖက်က နိူင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှုအတွက် ခုလို သဘောတူညီချက်မူတစ်ခု ချမှတ်နိုင်ခဲ့သလို တဖက်မှာလည်း အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီက ရေးဆွဲထားတဲ့ အခန်း ၁၅ ခန်းပါ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးမူတစ်ခု ရှိနေပါတယ်။ လာမယ့်ရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့မှာ ပြုလုပ်ကျင်းပမယ့်ဆွေးနွေးပွဲမှာ အဲဒီမူနှစ်ခုကို ညှိနှိုင်းဆွေးနွေးကြပါလိမ့်မယ်။ အဲဒီ မြစ်ကြီးနားဆွေးနွေးပွဲ အောင်မြင်ခဲ့မယ်ဆိုရင်တော့ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ပေါ်ပေါက်လာနိုင်ပါတယ်။