လိုင်ဇာမြို့ လက်မှတ်ထိုးပွဲတက်ရန် UNFC အဖွဲ့ မြစ်ကြီးနားရာက်ရှိ


2013.10.27

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ယခုလ ၃ဝ ရက်နေ့ကနေ နိုဝင်ဘာလ ၁ ရက်နေ့ အထိကျင်းပမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်တွေရဲ့ ညီလာခံကို တက်ရောက်ဖို့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေဟာ ဒီနေ့ညနေပိုင်းက မြစ်ကြီးနားမြို့ကို ရောက်လာပါတယ်။  

အဲဒီ UNFC အဖွဲ့က အဖွဲ့ဝင် ၁၂ ဦးဟာ မနက်ဖြန်မှာ လိုင်ဇာမြို့ကို ဆက်လက်ထွက်ခွာမှာဖြစ်တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာက RFA ကို ပြောပါတယ်။

"UNFC အဖွဲ့ ၁၂ ဦး က ဒီနေ့ ရောက်ရှိလာပါတယ်၊ ဦးနိုင်ဟံသာတို့လည်းပါပါတယ်၊ မနက်ဖြန် မနက် ၈ နာရီမှာ သူတို့လိုင်ဇာကို သွားမှာပါ၊ မနက်ဖြန်ကျတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ၃၃ ဦးလာမှာ ဖြစ်ပါတယ်၊ ၂၉ ရက်နေ့အရောက် လိုင်ဇာပို့ရမှာ ဖြစ်တယ်"

လိုင်ဇာမှာ ပထမဆုံးအကြိမ်ပြုလုပ်မယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေရဲ့ညီလာခံ( Ethnic Armed Groups Conference)ကို မြန်မာတစ်နိုင်ငံလုံးက လက်နက်ကိုင်အဖွဲ့ ၁၉ ဖွဲ့ တက်ရောက်မယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ စုပေါင်းပြီး ဘုံသဘောတူညီချက်တွေရရှိအောင် ညီလာခံကျင်းပပြီး ဆွေးနွေးကြမှာဖြစ်ပါတယ်။

အဲဒီလို ညီလာခံကျင်းပတာဟာ ဒီလဆန်းပိုင်းက အစိုးရနဲ့ ကေအိုင်အိုကိုယ်စားလှယ်တွေရဲ့ မြစ်ကြီးနားမြို့ ဆွေးနွေးပွဲမှာ သဘောတူခဲ့ကြတဲ့ အချက် ၇ ချက်ထဲက ကေအိုင်အိုအဖွဲ့ရဲ့ တောင်းဆိုမှုကို
အကောင်အထည်ဖော်နိုင်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။