ကျွန်းလှမှာ စစ်ကြောင်းထိုးချိန် ဒေသခံ နှစ်ဦးသတ်ဖြတ်ခံရပြီး သုံးဦးဖမ်းဆီးခံရ
2024.11.08

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ဘအင်းသရက်တောရွာကို နိုဝင်ဘာလ ၈ ရက်နေ့မှာ ဝင်ရောက်မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အရပ်သား နှစ်ဦးကို သတ်ဖြတ်ခဲ့သလို သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အသတ်ခံရတဲ့ အမျိုးသား နှစ်ဦးနဲ့ ဖမ်းဆီးခံရသူတွေနဲ့ပတ်သက်တဲ့ အချက်အလက်အသေးစိတ်ကိုတော့ ဆက်သွယ်ရေး အခက်အခဲကြောင့် မသိရသေးဘူးလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ကြောင်းဝင်မီးရှို့ပြီး ဖမ်းဆီးခံရတဲ့ ငါးယောက်ထဲ မိန်းကလေးတွေပါတယ်ပြောတယ်၊ အဲဒီထဲက နှစ်ယောက် အသတ်ခံရတယ်ပြောတယ်၊ အသတ်ခံရတာ အမျိုးသားနှစ်ဦးလို့ အတည်ပြုတယ်၊ ဘယ်သူဘယ်ဝါလဲတော့ အသက်အရွယ်အတိအကျတော့ မသိသေးဘူး၊ မီးရှို့ခံရတဲ့ အိမ်ခြေလည်း အတိကျမသိရသေးဘူး”
ကန့်ဘလူမြို့နယ် တင့်ကားတပ်ရင်း တကရ (၆၀၀၆) တပ်ရင်းက စစ်ကြောင်းနဲ့ ပေကုန်းရွာမှာရှိတဲ့ ပျူစောထီးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အင်အား ၁၂၀ လောက်ပါတဲ့ စစ်ကြောင်းက ကံပေါက်ရွာကနေတဆင့် ဘအင်းသရက်တောရွာကို စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ ညနေ ၅ နာရီလောက်မှာ ဖမ်းဆီးထားသူ သုံးဦးကိုခေါ်သွားပြီး ကျွန်းလှမြို့ကို ပြန်ထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသမီးတစ်ဦးကတော့ “စစ်ကြောင်းဝင်လာတာ မနက် ၉ နာရီလောက် ထင်တာပဲ၊ ဘယ်သူမှ မသိလိုက်ဘူး၊ အသံကြားမှ ကိုယ်လွတ်ပြေးရတာ၊ အသတ်ခံရတာ ဘယ်သူ့သားသမီးတွေလဲ မသိသေးဘူး၊ ရွာက မနှစ်ကလဲ မီးရှို့ခံထားရတာ တစ်ရွာလုံးနီးနီးပဲ၊ အခုထပ်ရှို့တာနဲ့ဆို ပြန်ဆောက်တာလေးတွေရော အကုန်ရှို့ခံရပြီထင်ပါတယ်”
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကလည်း ဘအင်းသရက်တောရွာကို စစ်ကြောင်းဝင်ရောက်ပြီး နေအိမ် သုံးဆယ်ကျော် မီးရှို့သွားတယ်လို့ ဆိုပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ကနေ နိုဝင်ဘာလ ၅ ရက်နေ့အထိ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ပိုင်းက ရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး လူပေါင်းတစ်ရာကျော်ကို ဖမ်းဆီးခဲ့သလို နေအိမ် ရှစ်ရာခန့်ကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို ပြောထားပါတယ်။