လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်တော်ဒေသခံ တစ်ဦးသေ၊ ရှစ်ဦးဒဏ်ရာရ
2024.01.03

ရခိုင်ပြည်နယ် ကျောက်တော်မြို့ အလယ်ကျွန်းရွာမှာ ဇန်နဝါရီလ ၃ ရက် နေ့လယ်က စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေယာဉ်ပေါ်ကနေ လက်နက်ကြီးတွေနဲ့ပစ်တာကြောင့် အရပ်သားတွေထိခိုက်သေဆုံးတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"လေယာဉ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်တာကြောင့် ရွာသား ကိုးဦးဒဏ်ရာရတယ်၊ အဲကိုးဦးထဲက တစ်ဦးတော့ သေတယ်လို့ ကြားရပါတယ်၊ ဒဏ်ရာကတော့ ပြင်းတယ်လို့ သိရပါတယ်"
ဇန်နဝါရီလ ၂ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် မျောက်တောင်ရွာမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် သုံးနှစ်သားအရွယ်ကလေးတစ်ဦးနဲ့ နောက်တစ်ဦးသေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
ကျောက်တော်မြို့နယ် တင်းမကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ တောင်ရှည်တောင်ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဇန်နဝါရီလ ၂ ရက်နေ့မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်(AA)က စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နောက်ပိုင်းကတည်းက စစ်ကောင်စီဘက်က စစ်ဘက် အရပ်ဘက် မခွဲခြားဘဲ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ ရေတပ်ကနေ ပစ်ခတ်တာ၊ လေယာဉ်နဲ့ပစ်ခတ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီလို လေကြောင်းကနေ ပစ်ခတ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲစတင်တဲ့ ဒီဇင်ဘာ ၁၃ ရက်ကနေ ဒီဇင်ဘာ ၂၉ ရက်နေ့အထိ တစ်လကျော်အတွင်း သေဆုံးတဲ့ အရပ်သား အယောက် လေးဆယ်နဲ့ ဒဏ်ရာရသူ တစ်ရာကျော် ရှိနေပါပြီ။