နှင်းဆီပါတီဥက္ကဋ္ဌကို လဝက ဥပဒေနဲ့ ထပ်မံ တရားစွဲ
2020.10.23
ထောင်ပြေးမှုနဲ့ မန္တလေးအိုးဘိုထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဖျက်သိမ်းခံ ညီညွတ်သော ဒီမိုကရက် တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဦးကျော်မြင့်ကို မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃ (၁) နဲ့ ထပ်မံတရားစွဲဆိုလိုက်ပါတယ်။
ဒီနေ့ မန္တလေးမြို့ ချမ်းအေးသာစံတရားရုံးမှာ ဦးကျော်မြင့်ကို ရုံးထုတ်ခဲ့စဉ် အမှတ် (၈) ရဲစခန်းက စခန်းမှူး ဒုရဲမှူးအောင်မင်းက တရားလိုလုပ်ပြီး တရားစွဲတာကို တရားရုံးက လက်ခံလိုက်တာပါ။
ချမ်းအေးသာစံမြို့နယ် တရားသူကြီး ဦးကျော်မျိုးဝင်းက …
“ ဒီကနေ့ တရားခံကိုစစ်ဆေးခဲ့ပါတယ်။ တရားခံပြသက်သေ ၆ ယောက်တင်ပြထားတယ်။ တရားခံဘက်က ရှေ့နေ နှစ်ယောက် ပါဝါတင်ခဲ့ပါတယ် “
ဒီနေ့ကျင်းပတဲ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က မှတ်ပုံတင်ကိုင်ဆောင်မှုမှာ လိမ်လည်မှုတွေရှိခဲ့တာနဲ့ ပတ်သက်ပြီး ဦးကျော်မြင့်ကို လဝကအက်နဲ့ တရားစွဲ ဆိုထားကြောင်းနဲ့ ငွေကြေးခဝါချမှု ဥပဒေနဲ့ ဆက်လက်တရားစွဲဆိုဖို့ ပြင်ဆင်နေကြောင်း ပြောခဲ့ပါတယ်။
ဖမ်းဆီးခံ ဦးကျော်မြင့်ရဲ့ ပိုင်ဆိုင်မှုတွေကို စစ်ဆေးရာမှာ နောက်ဆုံးတွေ့ရှိချက်အရ ၄၁ ဘီလီယံ ပိုင်ဆိုင်မှုရှိပြီး ငွေလွှဲထားတာဟာ ၂၇ ဘီလီယံရှိတယ်လို့ ဦးဇော်ဌေး ကပြောပါတယ်။
လဝကဥပဒေနဲ့ တရားစွဲဆိုထားမှုကို နောက်တစ်ပတ်ရုံးချိန်းမှာ စတင် စစ်ဆေးသွားမှာပါ။
တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက လဝကအက်အပြင် တခြားပုဒ်မတွေနဲ့ ငြိစွန်းနေတာတွေကိုလည်း ထောက်ပြပါတယ်။
“လဝက အက်က အရေးမကြီးဘူး။ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများဥပဒေနဲ့လည်း ငြိတယ်။ မြန်မာကျော်ကုမ္ပဏီကနေ သူ့ဝန်ထမ်းမဟုတ်တဲ့သူတွေကို ပါတီဝင်တွေကို တစ်ရာခိုင်နှုန်းအတိုးတွေနဲ့ ချေးထားတာ။ အတိုးတွေရတယ်။ သူ့မှာ ငွေတိုးချေးစားတဲ့ လိုင်စင်လည်း မရှိဘူး”
နောက်တပတ်ရုံးချိန်းကိုတော့ လာမဲ့ ၂၆ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။ ထောင်ပြေးမှုနဲ့ ဦးကျော်မြင့်ကို လေးကြိမ်မြောက် ရုံးထုတ်ခဲ့စစ်ဆေးခဲ့ပြီးဖြစ်ပြီး ထောင်ပြေးမှု ပုဒ်မ ၂၂၄ အရ အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ် အထိကျခံရနိုင်ပါတယ်။
လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃ (၁) ကတော့ အနည်းဆုံး ထောင်ဒဏ် ၆လ ကနေ အများဆုံး ထောင်ဒဏ် ၅နှစ်၊ အနည်းဆုံးငွေဒဏ် ကျပ် ၁၅၀၀ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်ပါတယ်။
လွန်ခဲ့တဲ့ ၂၁ နှစ်က မန္တလေးထောင်မှာ ထိန်းသိမ်းခံနေရတဲ့ ဦးကျော်မြင့်ဟာ ထောင်အပြင်ဘက် ဆေးရုံမှာ ရောက်ရှိစဉ် ထွက်ပြေးလွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။