စားကျက်မြေမှာ ကျူးကျော် စိုက်ပျိုးနေသူတွေကို အရေးယူပေးဖို့ ဆန္ဒပြတောင်းဆို
2016.10.03

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကြောင်စွယ်ဖြူကျေးရွာအုပ်စုမှာရှိတဲ့ စားကျက်မြေဧက ၂၀၀ ကျော်မှာ ကျူးကျော်လုပ်ကိုင်နေသူတွေကို အရေးယူပေးဖို့ တောင်သူ ၁၀၀ ကျော်က ကျောက်တော်မြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
စားကျက်မြေကို စားကျက်မြေအတိုင်းထားဖို့ သက်ဆိုင်ရာဌာနတွေနဲ့ အစိုးရအဆင့်ဆင့်ကို တင်ပြခဲ့ပေမယ့် ဖြေ ရှင်းပေးတာမရှိတဲ့အတွက် ဆန္ဒပြတာလို့ ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးသာထွန်းအောင်က ပြောပါတယ်။
"ကျနော်တို့ ကြောင်စွယ်ဖြူကျေးရွာအုပ်စုမှာ စားကျက်မြေတစ်ခုရှိပါတယ်၊ ကျနော်တို့က အဲ့ဒါကို ၂ဝ၁၁ ခုနှစ်ကစပြီး မြို့နယ်၊ ခရိုင်၊ နေပြည်တော်အထိ တင်ပြခဲ့ပါတယ်၊ အဲ့လိုတင်ပြခဲ့သော်လည်း ယနေ့အချိန်အထိ ထူးခြားမှုဘာမှမရှိတာပါ၊ အဲ့ဒါကြောင့်မို့ ခုလိုဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပါတယ်"
ကြောင်စွယ်ဖြူ၊ ရောင်စုံတောင်၊ ရောင်စုံမြောက် စတဲ့ကျေးရွာ ၃ ရွာကပိုင်ဆိုင်တဲ့ စားကျက်မြေဧက ၂၀၀ ကျော်ကို လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်လောက်မှာ အစိုးရ တပ်မတော်က တပ်ပိုင်မြေအဖြစ် သိမ်းဆည်းပြီး တောင်သူတွေကို သီးစားချထားပေးခဲ့တာဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်မှာ တပ်မတော်ကနေ အဲဒီလယ်ယာမြေတွေကို တောင်သူတွေထံ ပြန်လည်အပ်နှံခဲ့ပေမယ့် သီးစားလုပ်ကိုင်နေသူတွေက ဆက်လက်လုပ် ကိုင်နေတာ ဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
လက်ရှိအချိန်အထိ စားကျက်မြေပေါ်မှာ ကြောင်စွယ်ဖြူ၊ ရောင်စုံတောင်၊ ရောင်စုံမြောက် စတဲ့ကျေးရွာ ၃ အပြင် အနီးအနားကျေးရွာတွေက လူ ၄၀ ကျော်လောက် က ကျူးကျော်စိုက်ပျိုးနေတာဖြစ်ပြီး အဲဒီအထဲမှာ ရခိုင်အမျိုးသားပါတီ ANP ရဲ့ မြို့နယ်အလုပ်အမှုဆောင် ကော်မတီဝင်တွေလည်း ပါဝင်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။