ကျောက်ဖြူကမ်းပါး အိမ်ဆောက်မှု လွှတ်တော်တင်ပြ
2016.06.02

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့က မြစ်ကမ်းပါး မြေထိန်းနံရံတွေကိုကျော်ပြီး လူနေအိမ်တွေနဲ့ ဆိုင်ခန်းအဆောက် အဦးတွေ ဆောက်လုပ်နေတာကို ကြပ်မတ်စစ်ဆေးပေးဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန် က ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေကို ငွေကြေးပေးပြီး မြစ်ထဲမှာ အဆောက်အဦးတွေ ဆောက်နေတာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ပြောပါတယ်။
ဒီလိုဆောက်လုပ်ခွင့်ပေးတဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းများက တာဝန်ရှိပုဂ္ဂိုလ်တွေဟာ ဥပဒေတွေနဲ့အညီ လုပ်ပိုင်ခွင့်ရှိလို့ ခွင့်ပြုနေကြတာလား၊ လုပ်ပိုင်ခွင့်ရှိတယ်ဆိုရင် စနစ်တကျ လုပ်ပေးဖို့လိုပါတယ်၊ အခုလို စည်းမဲ့ကမ်းမဲ့ လုပ်ကိုင်နေတဲ့အတွက်ကြောင့် မြစ်အတွင်းမှာ မြေထိန်းနံရံလုပ်ပြီးတော့ အဲ့မြေထိန်းနံရံ ကို မြစ်ကမ်းခြေက မြေတွေစုပ်ယူပြီးတော့ မြေဖို့တယ်၊ ဒါတွေအန္တရာယ်များပါတယ်၊ အသုံးပြုခွင့်ရတဲ့သူတွေ ကတော့ တာဝန်ရှိသူတွေကို တစ်စုံတရာတန်ဖိုးပေးပြီး ရယူထားတဲ့အတွက်ကြောင့် တရားဝင်တယ်လို့ မှတ်ယူကောင်းယူကြပါမယ်
မြစ်ကမ်းခြေတွေမှာ ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေဟာ သက်ဆိုင်ရာ အာဏာပိုင်တွေက ဥပဒေနဲ့အညီ တရားဝင်ခွင့်ပြုချက်နဲ့ ခွင့်ပြုထားတာတွေရှိသလို ကျူးကျော်တွေလည်းရှိတဲ့အတွက် ပြန်လည်စိစစ်သွား မှာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောပါတယ်။
"သက်ဆိုင်ရာက ဥပဒေတွေနဲ့အညီ တရားဝင်ခွင့်ပြုချက်များဖြင့် ဆောက်လုပ်ထားတဲ့ အဆောက်အဦးများရှိ သကဲ့သို့ ခေတ်ကာလ အဆက်ဆက်ကတည်းက ဒေသနေပြည်သူတချို့က တရားဝင်ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဆောက်လုပ်နေထိုင်တဲ့ အဆောက်အဦးများလည်းရှိကြောင်း တွေ့ရှိရပါတယ်၊ သို့ရာတွင် တာဝန်ရှိ သူများက ဥပဒေနဲ့အညီ ခွင့်ပြုထားခြင်း မဟုတ်သော်လည်း လက်ရှိဆောက်လုပ်နေထိုင်သည်မှာ နှစ်ကာလကြာ ရှည်စွာ နေထိုင်ကြသူများဖြစ်တဲ့အတွက် ၎င်းတို့နေထိုင်သည့် မြစ်ကမ်းသဲသောင်ပြင် ဧရိယာများကို မြေသား ခိုင်မာမှု ရှိ မရှိ စစ်ဆေးပြီး မြေသားခိုင်မာမှုရှိသော မြေများဖြစ်ပါက နိုင်ငံတော်အစိုးရက စီမံခန့်ခွဲနိုင်တဲ့မြေတွေ အဖြစ် အသုံးပြုခွင့်ရရှိရေး သက်ဆိုင်ရာအစိုးရအဖွဲ့များက စိစစ်ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျှက် ရှိကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်"
ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်အနေနဲ့ တချို့ကိစ္စတွေကို ကိုယ့်မဲဆန္ဒနယ်မှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ဆောင်ဖို့လိုအပ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
ကျောက်ဖြူမြို့ မြစ်ကမ်းပါး မြေထိန်းနံရံတွေ ထိန်းသိမ်းခြင်းလုပ်ငန်းတွေကို ဆည်မြောင်းဦးစီးဌာန၊ လမ်းဦးစီးဌာနတွေနဲ့ မြို့နယ်စည်ပင်သာယာရေးကော်မတီစတဲ့ ဌာနတွေက လုပ်ဆောင်နေတာဖြစ်ပါတယ်။