ကျောက်မဲမှာ စစ်ဘေးဒုက္ခသည် ၄၀၀ ကျော် ထပ်တိုးလာ


2017.12.29
kyaukme-refugees-622.jpg ရှမ်းပြည်နယ် ကျောက်မဲမြို့ကို ထွက်ပြေးတိမ်းရှာင်လာတဲ့ စစ်ပြေးဒုက္ခသည်တွေကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလက တွေ့ရစဉ်
ဓါတ်ပုံ - ကိုသားဇော်

တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်ကို မနေ့ညကနေ ဒီနေ့ ညနေပိုင်းအထိ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်ဦးရေ လေးရာကျော်လောက်ရှိနေပြီလို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကျောက်မဲမြို့ခံ ကိုသားဇော် က ပြောပါတယ်။

ထွက်ပြေးလာသူတွေဟာ ကျောက်မဲမြို့နယ်၊ မန်ခေါက်ကျေးရွာအုပ်စု၊ အာပြောင်ကျေးရွာနဲ့ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ ကျောက်ဖြူလေးရွာကဖြစ်တယ်လို့ ကိုသားဇော် က ပြောပါတယ်။

"မနေ့ညကတော့ ၅ဝ လောက်လာတယ်၊ ဒီနေ့ကတော့ အကုန်ပြေးလာတယ်၊ ကျောက်မဲမြို့နယ်ထဲက မန်ခေါက်အုပ်စုထဲက အာပြောင်ဆိုတဲ့ရွာကနေ ပြေးလာတယ်၊ ဒီနေ့ကတော့ နန့်စန်မြို့နယ်ထဲက ကျောက်ဖြူလေးကျေးရွာကနေ ပြေးလာတယ်၊ ကျနော်တို့ လူဦးရေ စာရင်းကောက်နေတုန်းပေါ့၊ အခုထက်ထိ ပြေးလာတဲ့လူတွေကလည်း ပုံစံအမျိုးမျိုးနဲ့ ပြေးလာတဲ့အခါကျတော့ ကျနော်တို့ ကောက်နေတာတော့ ၄ဝဝ ကျော်သွားပါပြီခင်ဗျ"

သူတို့နေထိုင်ရာ ကျေးရွာတွေအနီးကို လက်နက်ကြီးကျည်ဆံတွေ ကျတာကြောင့် ထွက်ပြေးလာကြတာ လို့ ပြောပါတယ်။

လက်ရှိထွက်ပြေးလာသူတွေထဲမှာ ပလောင်တိုင်းရင်းသားတွေက အများဆုံးဖြစ်နေပြီး သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေအများစုဖြစ်သလို ကျန်းမာရေးမကောင်းသူအချို့ကိုလည်း တွေ့ရတယ်လို့ ကိုသားဇော် က ပြောပါတယ်။

ထွက်ပြေးလာသူတွေကို မူလက ကျောက်မဲမြို့ ဘိုးသာအောင်ဓမ္မာရုံမှာထားဖို့စီစဉ်ထားတာကနေ လက်ရှိမှာ လူဦးရေများလာတာကြောင့် အောင်မင်္ဂလာကျောင်း၊ ဝါဆိုကျောင်းစတဲ့ ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်းမှာ ထပ်တိုး နေရာချထားပေးနေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၇ရက်အတွင်းမှာ နမ့်ဆန်မြို့နယ်၊ ကျောက်ဖြူလေးကျေးရွာအုပ်စု၊ ဒို့လွေရွာတဝိုက်မှာ တပ်မတော်နဲ့ TNLA တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က ကျောက်မဲမြို့နယ် မိုင်ငေါ့မြို့နယ်ခွဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိတယ်လို့မြောက်ပိုင်းမဟာအမိတ်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

တပ်မတော်ဘက်ကတော့ တိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့လကစတင်ပြီး တပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်ပွဲ ပိုပြင်းထန်လာနေပါတယ်။ တိုက်ပွဲအတွင်းမှာ လက်နက်ကြီးအသုံးပြုမှုတွေလည်း ပိုများလာနေသလို ကျေး ရွာတွေအနီး လက်နက်ကြီးတွေ မကြာခဏဆိုသလိုကျတာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးရမှုတွေ ရှိလာနေပြီး နေရပ်စွန့်ခွာရမှုတွေလည်းများလာနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။