ကျောက်မဲ ဒေသခံတွေ မြေမြှုပ် မိုင်းအန္တရယ် စိုးရွံ့
2017.05.30

ရှမ်းပြည်မြောက်ပိုင်း သီပေါနဲ့ ကျောက်မဲမြို့နယ်ထဲက ဒေသတလျှောက်မှာ လှုပ်ရှားနေကြတဲ့ လက်နက်ကိုင် တပ်တွေ ထောင်ထားတဲ့ မိုင်းတွေကြောင့် ဒေသခံရွာသားတွေ သွားလာရခက်ခဲနေကြရတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
သီပေါနဲ့ ကျောက်မဲမြို့နယ်တဝိုက် ကျေးရွာအချင်းချင်း ဆက်သွယ်သွားလာကြရတဲ့ လမ်းတွေမှာ လက်နက်ကိုင် တပ်တွေက မိုင်းတွေထောင်ထားတာလို့ ကျောက်မဲမြို့ ဇီဝိတလူမှုရေးအသင်း ဥက္ကဌ ဦးတင်မောင်သိန်း က ပြောပါတယ်။
"တော့ဆန်ရွာနားမှာပဲ မိုင်းထောင်တာ၊ မိုင်းတွေရှိနေတာပေါ့ဗျာ၊ ဘယ်သူထောင်တဲ့မိုင်းတွေလဲဆို တာ ပြောရခက်ပါတယ်၊ ရည်ရွယ်တာကတော့ လက်နက်ကိုင်အဖွဲ့ကိုပဲ ရည်ရွယ်တာပေါ့၊ သူတို့ ရင်ဆိုင်နေကြတဲ့ ဧရိယာမှာတော့ ထုံးစံအတိုင်းပဲ၊ မိုင်းကိစ္စတွေက ရှိနေတာပါပဲ၊ သီပေါနဲ့ ကျောက်မဲ ကြား လူသွားလမ်းတွေရှိနေပါတယ်၊ သူတို့ရွာတွေပေါ့ စစ်ဖြစ်နေတဲ့ ဧရိယာပေါ့။"
ပြီးခဲ့တဲ့မေလလယ်ပိုင်းလောက်က ကျောက်မဲမြို့ တော့ဆန်ကျေးရွာက ရွာသားနှစ်ဦးတို့ မိုင်းနင်းမိပြီး ဒဏ်ရာတွေ ရခဲ့ကြတယ်လို့လည်းပြောပါတယ်။
အဲဒီနှစ်ဦးထဲက အမျိုးသမီးတစ်ဦးဟာ လက်ရှိမန္တလေးဆေးရုံမှာ သွားရောက်ဆေးကုသနေရဆဲဖြစ်တယ် လို့ ပြောပါတယ်။
အဲဒီဒေသမှာ တပ်မတော်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်တွေ လှုပ်ရှားသွားလာနေကြပြီး မကြာမကြာလည်း တိုက်ပွဲတွေ ဖြစ်ပွားကြတယ်လို့ သိရပါတယ်။