ကျိုက်ထိုမှာ စစ်ကြောင်းရဲ့ ပစ်ခတ်မှုကြောင့် ကလေးတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရ
2023.12.31
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဝင်းပြန်ရွာမှာ ဒီဇင်ဘာလ ၂၄ ရက်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်မှုကြောင့် မိန်းကလေးတစ်ဦး သေဆုံးပြီး အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင် အမျိုးသား အစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်ပါတယ်။
အသက် ၁၄ နှစ်အရွယ် မအိမ်ဇင်ဖြိုးဟာ လည်ပင်းမှာ ကျည်ဆန် ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး ဘီးလင်းမြို့နယ်၊ သပြေနီရွာက အသက် ၄၇ နှစ်အရွယ် ဒေါ်စန်းအေးနဲ့ အသက် ၆၃ နှစ်အရွယ် ဒေါ်ပိုးမယ်တို့ကတော့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
သထုံမြို့နယ်ဘက်ကနေ ကျိုက်ထိုမြို့နယ်ဘက်အခြမ်းကိုလာတဲ့ စစ်ကောင်စီ ယာဉ်တန်းက ရွာတွေထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီယာဉ်တန်းပေါ်ကနေ ဝင်းပြန်ရွာထိပ်က ကွင်းထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခဲ့တာကြောင့် မအိမ်ဇင်ဖြိုး သေဆုံးခဲ့တာလို့ (KNU) ကျိုက်ထိုမြို့နယ် အလူးကျေးရွာအုပ်စု အတွင်းရေးမှူးရဲ့ ပြောဆိုချက်ကိုလည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်က ကျိုက်ထိုမြို့နယ်ထဲမှာ ဒီလို မကြာခဏ ပစ်ခတ်မှုတွေရှိနေပြီး လုပ်ငန်းခွင်တွေ၊ လူနေအိမ်နဲ့ သာသနာ့ အဆောက်အဦတွေလည်း ထိခိုက်ပျက်စီးမှု ရှိတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောခွင့်ရသူ သယံဇာတရေးရာ ဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
RFA က ပြုစုထားတဲ့ စာရင်းအရ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့အထိ သုံးနှစ်အတွင်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၂၅၄ ဦး သေဆုံးပြီး၊ ၂၃၂၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။