ကျိုက်မရောမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို ဆန္ဒပြ


2018.03.29
kyaikmaraw-nld-protest-622.jpg မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကျိုက်မရောဘုရားကြီးမှာ ၂ဝ၁၈ ခုနှစ် မတ်လ ၂၉ ရက်နေ့က ဒေသခံတွေ ဆန္ဒပြကြစဉ်
ဓါတ်ပုံ - ဦးစိုးသွင်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကျိုက်မရောဘုရားကြီးကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ဆရာတော်နဲ့ ဂေါပကအဖွဲ့ဝင်တွေကို စစ်ဆေး၊ ပြောင်းလဲပေးဖို့ စာတင်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဒေသခံ တစ်ထောင်လောက်က ဒီနေ့ ဆန္ဒပြကြပါတယ်။

ဘုရားကြီးရဲ့ အလှူငွေတွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိလို့ဆိုပြီး ဆရာတော်နဲ့ ဂေါပကအဖွဲ့ကို ပြောင်းလဲဖို့ သာသနာရေးဝန်ကြီးဆီကို စာတင်တာကြောင့် အခုလို ဆန္ဒပြတာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ဒေသခံ ဦးစိုးသွင်က ပြောပါတယ်။

"ကျိုက်မရောမြို့မှာ ဘုရားကြီးရှိပါတယ်ခင်ဗျာ။ ဘုရားကြီးကို ဘုန်းကြီးက စောင့်ရှောက်တယ်ပေါ့နော်။ ထိန်းသိမ်းတယ်ပေါ့ဗျာ။ ဂေါပကတွေနဲ့ ဘုန်းကြီးက လုပ်နေတယ်။ ငွေစာရင်းရှင်းတမ်း မလုပ်ဘူး။ ဒီဘုရားကြီးကို ပြုပြင်ပြောင်းလဲအောင်၊ အချိန်တန်တော့ ပြောင်းလဲချိန်တန်တယ်ပေါ့ဗျာ။ ပြောင်းလဲချင်တယ်ဆိုပြီးတော့ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် ၂ ယောက်က တိုင်တန်းလို့၊ ဂေါပကအဖွဲ့ ပြောင်းလဲသင့်ပြီ၊ အကြံဉာဏ်ပေး၊ စာတင်တဲ့ သူရဦးအောင်ကို ကို သံဃာအဆင့်ဆင့်က ကြားပြီးတော့ အဲဒီလိုလုပ်တာကို မကျေနပ်လို့ ဆန္ဒ ထုတ်ဖော်ခြင်းဖြစ်ပါတယ်"

အဲဒီတိုင်စာဟာ လွှတ်တော်ကိုယ်စားလှယ်တွေက တိုင်တာမဟုတ်ကြောင်း၊ ဘုရားကြီးအနီးဝန်းကျင်မှာ နေထိုင်တဲ့ ဒေသခံတစ်ယောက်က သာသနာရေးဝန်ကြီးဆီကို တိုင်ကြားတာဖြစ်ပြီး တိုင်ကြားစာမိတ္တူတွေကို လွှတ်တော် ကိုယ်စားလှယ်တွေဆီကို လာပေးတာဖြစ်တဲ့အကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က ပြောပါတယ်။

"အန်တီတို့ တင်တာမဟုတ်ဘူး။ NLD က ကိုယ်စားလှယ်တွေ တင်တာမဟုတ်ဘူး။ ကျိုက်မရောမြို့ပေါ်မှာရှိတဲ့ ရှင်စောပုရပ်ကွက် ၁ က ကလေးလေးက သူရဦးအောင်ကိုကို ကျိုက်မရောဘုရားကြီးနဲ့ ပတ်သက်ပြီးတော့ ပွင့်လင်းမြင်သာမှုမရှိဘူး။ ဒါကို ပွင့်လင်းမြင်သာအောင် ဆောင်ရွက်သင့်ပါတယ်ဆိုပြီးတော့ သူက ပြည်ထောင်စု ဝန်ကြီးဆီကို စာတင်တာ။ အဲဒါ အန်တီတို့ ၃ ယောက်ကို မိတ္တူပေးတာ"

ကျိုက်မရော ဆုတောင်းပြည့်ဘုရားဝန်းထဲမှာ ဆန္ဒပြကြတာဖြစ်ပြီး ဓမ္မာရုံထဲမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် အမတ်ဟောင်း ဦးလှဆွေအပါအဝင် ဆရာတော်တွေကလည်း ဟောပြောခဲ့ကြတယ်လို့ ပြောပါတယ်။

အဲဒီဆန္ဒပြပွဲမှာ သံဃာအပါး ၃၅၀ လောက်ပါဝင်ပြီး သာသနာဘာသာကိုဖျက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ရှုတ်ချပါတယ်ဆိုပြီး တောင်းဆိုကြပါတယ်။

လက်ရှိတာဝန်ယူနေတဲ့ ဆရာတော်လက်ထက်မှာ ဘုရားကြီးဟာ တိုးတက်လာတာတွေ ရှိတယ်လို့လည်း ဦးစိုးသွင်က ပြောပါတယ်။

ဒီဘုရားကြီးအပါအဝင် ဆရာတော်၊ ဂေါပကအဖွဲ့ဝင်တွေနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဝင်ရောက်စွက်ဖက်တာတွေလည်း မလုပ်တဲ့အကြောင်း ဒေါ်ခင်မျိုးမြင့်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။