တိုက်ပွဲတွေကြောင့် ကွတ်ခိုင်ဒေသခံ ၁၅၀ကျော် ထွက်ပြေး
2018.02.06

ရှမ်းပြည်နယ် နမ္မတူနဲ့ ကွတ်ခိုင်မြို့နယ်အစပ်မှာ အစိုးရတပ်မတော်နဲ့ တအာင်းလွတ်မြောက်ရေး တပ်မတော်တို့ တိုက်ပွဲဖြစ်နေတာကြောင့် ကွတ်ခိုင်မြို့နယ်က ဒေသခံ ၁၅၀ ကျော်ဟာ ဒီနေ့ မနက်ပိုင်းမှာ သိန်းနီမြို့နယ် က ကောင်းအိုင်ကျေးရွာအုပ်စုကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။
စစ်ဘေးတိမ်းရှောင်လာသူတွေအနေနဲ့ ကောင်းအိုင်ကျေးရွာအုပ်စုက ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတယ်လို့ သိန်းနီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီ က ပြောပါတယ်။
"ကောင်းအိုင်ကျေးရွာမှာပဲ ဘုန်းကြီးကျောင်းမှာနေနေတယ်။ ရွာသားတွေကလည်း သူတို့ကို ပြုစုထား တာပေါ့နော်။ ခုတော့ ကျမတို့မြို့နယ်ကလည်း ဆန်တွေစားနပ်ရိက္ခာတွေ ပို့ပေးတယ်။ ကျောင်းက ကလေးတွေလည်း အဖြူအစိမ်းလေးတွေနဲ့ပဲလာတော့ အဝတ်တစ်ထည် ကိုယ်တခုဆိုတော့ ရွာကပဲ အဝတ်အထည်တွေပေးကြတယ်။ အဲလိုပဲ အချင်းချင်းကြည့်ရှုနေတာပေါ့နော်။"
နမ္မတူနဲ့ ကွတ်ခိုင်မြို့နယ် အစပ်က ဖာဖိုင်နဲ့ဆိုင်းခေါင် ရွာနှစ်ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်လာ တာ ဖြစ်တယ်လို့ ဒေါ်နန်းခင်ထားရီ က ပြောပါတယ်။
အစိုးရတပ်မတော်ဟာ တအာင်းတပ်မတော်ရဲ့ တပ်ရင်း ၅၇၁ ကို လိုက်လံထိုးစစ်ဆင်နေပြီး ကွတ်ခိုင်မြို့နယ် ဖာဖိုင်ကျေးရွာနဲ့ ငေါ့ငါးကျေးရွာကြားမှာ တိုက်ပွဲ တွေဖြစ်ပွားနေသလို အစိုးရတပ်မတော်ဘက်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှုတွေရှိတယ်လို့ တအာင်းလွတ်မြောက်ရေးတပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။ တပ်မတော် ဘက်ကတော့ တအာင်းတပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။
ရှမ်းပြည်နယ်အတွင်းက နမ့်ခမ်း၊ နမ္မတူ၊ ကျောက်မဲ၊ နမ့်ဆန်နဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ တအာင်းလွတ်မြောက်ရေး တပ်မတော်ဟာ အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားတာရှိသလို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။