ကိုးရီးယား အထည်ချုပ်စက်ရုံ ဆန္ဒပြပွဲ ကျေအေးပြီးဆုံး
2012.09.08

RFA
အလုပ်သမားတွေရဲ့ တောင်းဆိုချက် (၁၂) ချက်ထဲမှာ လုပ်ခလစာ တိုးမြှင့်ပေးဖို့၊ လုပ်ငန်းခွင် ကျွမ်းကျင်ကြေးပေးဖို့၊ အလုပ်သမားအချင်းချင်း ခွဲခြားဆက်ဆံခြင်း မပြုဖို့၊ စက်ရုံတွင်း အခြေခံအလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းခွင့်ပေးဖို့၊ ဆန္ဒပြ အလုပ်သမားတွေကို အလုပ်မဖြုတ်ဖို့ စတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြပြီး အဲဒီ အချက်အားလုံး နီးပါးကို အလုပ်ရှင်ဘက်က သဘောတူညီလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
ကိုရီးယားနိုင်ငံသားပိုင် မူးအန်ဆူး (MYUE & SUE) အထည်ချုပ် စက်ရုံက အလုပ်သမား တစ်ထောင်ကျော်ဟာ မနေ့ မနက်ပိုင်းက အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့အတွက် စက်ရုံရှေ့ကနေ လေးမိုင်လောက် အကွာအဝေးရှိတဲ့ မရမ်းကုန်းမြို့နယ်က ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနရုံးကို လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။