ဦးကိုနီနဲ့ ကိုနေဝင်း တစ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ
2018.01.29

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်နဲ့ လုပ်ကြံ သတ်ဖြတ်ခံလိုက်ရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီနဲ့ သေနတ်သမားကို လိုက်လံ ဖမ်းဆီးရင်း ပစ်သတ်ခံလိုက်ရတဲ့ အငှားယာဉ်မောင်း ကိုနေဝင်းတို့အတွက် တစ်နှစ်ပြည့် ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပါတယ်။
အခုလို အောက်မေ့ဖွယ် အခမ်းအနား ကျင်းပပြုလုပ်တာဟာ အမှန်တရား အမြန်ဆုံး ပေါ်ပေါက်ဖို့ တောင်းဆိုတဲ့အနေနဲ့ ကျင်းပတာဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေး ဦးဆောင်သူ ဦးထွန်းကြည် က ပြောပါတယ်။
"ဒီကနေ့ အခမ်းအနားက ပေးချင်တဲ့ သတင်းစကားနဲ့ တောင်းဆိုချက် ရှိပါတယ်၊ အဲဒါကတော့ နိုင်ငံရေးအရ လုပ်ကြံ၊ သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ ဆရာဦးကိုနီ နဲ့ ကိုနေဝင်း တို့အတွက် အမှန်တရားနှင့် တရားမျှတမှုကို တောင်းဆိုဖို့ ရည်ရွယ်တယ်ဆိုတဲ့ အကြောင်း အတိအလင်း ကြေညာချင်ပါတယ်။ အမှန်တရားနဲ့ တရားမျှတမှု အမြန်ဆုံး ဖြစ်ထွန်းပေါ်ပေါက်စေဖို့နဲ့ ကျနော်တို့ အားလုံး ဝိုင်းဝန်း လက်တွဲဖော်ဆောင်ကြဖို့ အလေးအနက် တိုက်တွန်းချင်ပါတယ်"
အခမ်းအနားကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ခဲ့ပြီး၊ တက်ရောက်ဖို့ ဆန္ဒရှိပေမယ့် လုပ်ငန်းတာဝန်တွေကြောင့် မတက်ရောက်နိုင်တာကို နားလည်ပေးဖို့ ဖေါ်ပြထားပြီး၊ ဦးကိုနီ နဲ့ ကိုနေဝင်းတို့ဟာ အမှန်တရားနဲ့ တရားမျှတမှုရဲ့ ဘက်တော်သားအဖြစ် အသက်ပေးခဲ့ကြတဲ့အတွက်၊ သူတို့ နှစ်ဦးကို ပြည်သူတွေက တန်ဖိုးထား လေးစားကြကြောင်း၊ သေသောသူ ကြာရင်မေ့ ဆိုပေမယ့် သူတို့နှစ်ဦးကို ပြည်သူအများစုက မမေ့ကြကြောင်း၊ အမှန်တရားနဲ့ တရားမျှတမှုရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ လူတိုင်းမှာ တာဝန်ရှိကြောင်း သဝဏ်လွှာ ထည့်သွင်း မှာကြားထားပါတယ်။
အခမ်းအနားကို ဦးဆောင်ကျင်းပတဲ့ ဦးထွန်းကြည်က တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တဲ့အတွက်၊ နိုင်ငံရေးအရ လုပ်ကြံလိုက်တာလို့ ခံယူထားကြောင်း၊ သေနတ်သမား ကြည်လင်းကို လိုက်လံဖမ်းဆီးခဲ့တဲ့ အငှားယာဉ်မောင်း ကိုနေဝင်းကိုလည်း ဂုဏ်ပြုကြောင်း ပြောကြားခဲ့ပါတယ်။
အခမ်းအနားကို မြန်မာနိုင်ငံ အခြေစိုက် သံရုံးတွေက သံအမတ်တွေနဲ့ တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ ကြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့မာစီရယ် ကလည်း ဦးကိုနီ လုပ်ကြံခံရမှုအပေါ် တုန်လှုပ်ခဲ့ရကြောင်း၊ ဦးကိုနီဟာ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးနဲ့ ဒီမိုကရေစီ ဖြစ်ထွန်းလာရေးအတွက် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာ ဦးကိုနီနဲ့ ကိုနေဝင်းတို့ကို သတ်တဲ့သူကိုလည်း ဖမ်းဆီးတရားစွဲဆိုထားသလို ဆက်စပ် တရားခံတွေကိုလည်း ဖမ်းဆီးတရားစွဲဆိုထားပြီး အမှုအတွက် အဓိကကျသူလို့ ပြောရမယ့် ဒုတိယဗိုလ်မှူးကြီး ဖြစ်သူ အောင်ဝင်းခိုင် ကတော့ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတဲ့ တစ်နှစ်ပြည့်ချိန်နဲ့ ပတ်သက်ပြီး သြစတေးလျနိုင်ငံ ဆစ်ဒနီ အခြေစိုက် The Interpreter သတင်းစာမှာ ဦးကိုနီ သေဆုံးရတာဟာ ၂၀၀၈ အခြေခံ ဥပဒေ ကို လုံး၀ အထိမခံဘူးဆိုတာ အခြေခံ ဥပဒေ ပြင်ဆင်ရေး လုံးပမ်းနေသူ ဥပဒေပညာရှင်တွေ နောက်ဆုတ်သွားအောင်၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ရဲ့ အကာအကွယ် မရှိဘဲ NLD အစိုးရ ချည့်နဲ့နေမှာဖြစ်ကြောင်း စစ်တပ်က သတိပေး လိုက်တာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။