ဦးကိုနီ ကို မျိုးချစ်စိတ် အစွန်းရောက်မှုကြောင့် လုပ်ကြံတာဖြစ်ကြောင်း ပြည် ထဲရေးဝန်ကြီးပြော
2017.02.25

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို ပုဂ္ဂိုလ်ရေးမကျေနပ်မှုတွေနဲ့ မျိုးချစ်စိတ် အစွန်းရောက်မှုတွေကြောင့် လုပ်ကြံ သတ်ဖြတ်တာဖြစ်တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဦးကျော်ဆွေ က ဒီကနေ့ ပြောပါတယ်။
ဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး စစ်ဆေးတွေ့ရှိချက်တွေနဲ့ ဖမ်းဆီးရမိထားသူတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ ကမာရွတ်မြို့နယ် မူးယစ်ဆေးဝါး ပြတိုက်မှာ ပြုလုပ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်း ပွဲမှာ ဒုတိယဗိုလ်ချုပ်ကြီး ဦးကျော်ဆွေ က ပြောတာဖြစ်ပါတယ်။
"ရွေးကောက်ပွဲမတိုင်ခင်က ဦးကိုနီဘာတွေပြောခဲ့လဲ၊ အဲ့ပြောတဲ့အတိုင်းကို ရွေးကောက်ပွဲပြီး တဲ့အချိန်မှာ NLD က အာဏာရသွားတယ်၊ အဲ့ချိန်မှာ ဦးကိုနီဟာသူလုပ်ရမယ့်အတိုင်းအတာကို လုပ်နိုင်သလား၊ မလုပ်နိုင်တဲ့အတွက် သူ့ရဲ့နောက်ကွယ်က အသိုင်းအဝိုင်းတွေက လုပ်ကြံသလားဆိုတာ စဉ်းစားရပါတယ်၊ အမျိုးမျိုးချိန်ဆရပါတယ်၊ သို့သော်လည်း တစ်ကယ်တမ်းစိစစ်တဲ့အခါမှာတော့ အမျိုးချစ်တဲ့စိတ်အစွန်းရောက်သွားတာပေါ့"
တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး အမှုမှာ ပါဝင်သူတွေဖြစ်တဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ နဂါးလေး(ခ) အောင်နိုင်မြင့် တို့ကို ဖမ်းဆီးရမိခဲ့ပေမယ့် အမှုနဲ့ ဆက်စပ်တဲ့ အောင်ဝင်းခိုင် ဆိုသူကတော့ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
ဒီအမှုကို ရပ်တန့်ထားမှာမဟုတ်ဘဲ ဆက်လက်စုံစမ်းဖော်ထုတ်မှာဖြစ်ပြီး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ဒီအမှုမှာ ပါဝင်ပတ်သက်သူတွေဟာ တပ်မတော်က ထုတ်ပယ်ထားသူတွေ နဲ့ နှုတ်ထွက်ထားသူတွေ ဖြစ်ပါတယ်။
ဦးကိုနီကို လုပ်ကြံသတ်ဖြတ်တဲ့ကိစ္စမှာ တပ်မတော် အရာရှိဟောင်းတွေကို အသုံးပြုစေခိုင်းသွားတာဟာ တပ်မတော်နဲ့ အစိုးရအကြား၊ တပ်မတော်နဲ့ ပြည်သူအကြား စိတ်ဝမ်းကွဲအောင် လုပ်ဆောင်ချင်တာလားဆိုတာ စုံစမ်းဖော်ထုတ်သွားမယ်လို့လည်း ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ က ပြောပါတယ်။