ကိုးကန့်နဲ့ အစိုးရတပ်တွေကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွား
2015.10.25

မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ကိုးကန့်နဲ့ အစိုးရတပ်တွေအကြား မနေ့က တရုတ်မြန်မာနယ်စပ်မှာ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အစိုးရ တပ်မ ၆၆ လက်အောက်ခံတပ်တွေနဲ့ ကိုးကန့်တပ်တွေ နယ်ခြားမှတ်တိုင် ၁၁၁ အနီးမှာ တိုက်ပွဲအပြင်း အထန်ဖြစ်ခဲ့ကြောင်း ကိုးကန့်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။
"မနေ့တုန်းက ဖြစ်တာဗျ၊ ဘယ်နေရာလဲ တိတိကျကျတော့ ကျနော်လည်း မသိရသေးဘူးဗျ၊ မနေ့တုန်း ကတော့ ပြင်းထန်ပါတယ် တိုက်ပွဲ ၄ ကြိမ်ဖြစ်တယ်၊ တပ်မ ၆၆ လို့တော့ သိရတယ်ဗျ၊ ကျနော်တို့က တစ်ဖက်တပ်က အပစ်အခတ်ရပ်တာကို ကြေညာပြီးသားပါ၊ အဲ့ဒီနောက်ပိုင်းတောက်လျှောက် သူတို့ပဲလာတိုက်တာပါ၊ တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတာပဲဗျ တစ်ပတ်ကို လေးငါးရက်လောက်ကတော့ လာပြီးတော့ ထိုးစစ်ဆင်တယ်"
နှစ်ဖက်လုံးမှာ အထိအခိုက် အကျအဆုံးရှိပေမယ့် အခုအချိန်အထိ အတိအကျ မသိရသေးဘူးလို့ ဦးထွန်းမြတ်လင်း ကပြောပါတယ်။
ကိုးကန့်အဖွဲ့နဲ့ မြန်မာအစိုးရတပ်တွေအကြား ၂ဝ၁၅ ခုနှစ်အစောပိုင်းကတည်းက တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။