ကိုးကန့်ဒေသမှာ မဲပေးခွင့်ရှိ သူ လေးသောင်းကျော်ရှိ


2015.08.19

စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၄သောင်းကျော်ရှိတယ်လို့ ရှမ်းပြည်နယ်မြောက် ပိုင်း ရွေးကောက်ပွဲကော်မရှင်ရုံးခွဲ တာဝန်ရှိသူတွေက ပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီလကုန်လောက်မှာ ထုတ်ပြန်မယ့် အပြီးသတ်မဲစာရင်းမှာ ထည့်သွင်းကြေညာနိုင်ဖို့ အတွက် ကောက်ယူထားတာဖြစ်တယ်လို့ ရှမ်းပြည်နယ် မြောက်ပိုင်း ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးနှစ်ဆန်းဦး က ပြောပါတယ်။

"တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲစာရင်းထုတ်ပြန်တာတွေကို ပုံမှန်တိုင်း တခြားမြို့နယ်တွေနဲ့အတူ ဆောင်ရွက်သွား မှာဖြစ်ပါတယ်၊ လောက်ကိုင်၊ ကုန်းကြမ်း ဆိုရင် စုစုပေါင်း လောက်ကိုင်မှာက ၂၁၀၃၀၊ ကုန်းကြမ်းမှာက ၁၈၁၄၈၊ မဲစာရင်းပြုစုပြီးသားတော့ ၄၀၀၀၀ လောက်ရှိပါတယ်၊ အဲ့ဒါတော့ ရက်ပေါင်း ၁၈၀ အထက်တို့ ဝန်ထမ်းတချို့ စာရင်းတွေတော့ မပါသေးဘူး"

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားတဲ့ လောက်ကိုင်မြို့နယ်နဲ့ ကုန်းကြမ်းမြို့နယ်တို့မှာ လူဦးရေ တစ်သိန်းသုံးသောင်းနီးပါးရှိတယ်လို့ သိရပါတယ်။

အဲဒီမြို့နယ်နှစ်ခုမှာ မနေ့ကစပြီး အရေးအပေါ်အခြေအနေ စစ်အုပ်ချုပ်ရေး ကာလကို နောက်ထပ် ရက်ပေါင်း ၉၀ တိုးမြင့်ကြေညာဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ် လိုက်ရာ အဲဒီအမိန့်ဟာ သြဂုတ်လ ၁၇ ရက်နေ့ ကစပြီး နိုဝင်ဘာလ ၁၇ ရက်နေ့အထိ အကျုံးဝင်မှာဖြစ်ပါတယ်။ အဲဒီလိုစစ်အုပ်ချုပ်ရေးကာလ တိုးမြင့်ထားပေ မယ့် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဦးနှစ်ဆန်းဦး က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲပြင်း ထန်ခဲ့တဲ့အတွက် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကစပြီး စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။