အဂတိလိုက်စားမှုများကို တစ်ကိုယ်တော် ဆန္ဒပြ
2014.01.27

တရားသူကြီးတွေ အဂတိလိုက်စားမှုတွေနဲ့ အမှုဖျောက်ဖျက်တာတွေ ရှိနေတာတွေကို ကန့်ကွက် တဲ့အနေနဲ့ ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားသူများ အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်က ဒီနေ့ သင်္ဃန်းကျွန်း မြို့နယ် ခရိုင်တရားရုံးရှေ့မှာ တစ်ကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။
အမှုရင်ဆိုင်နေရတဲ့ အမှုသည်နှစ်ဘက်စလုံးအပေါ်မှာ လာဘ်ယူပြီး အမှုတွေကို စီရင်ချက်ချနေတဲ့ အမှုဖြစ်စဉ် အထောက်အထားတွေ များနေတာကြောင့် အများပြည်သူတွေ သိရှိစေလိုတဲ့ရည်ရွယ်ချက်နဲ့ ဆန္ဒပြရတာဖြစ်တယ်လို့ ကိုထင်ကျော်က RFA ကို ပြောပါတယ်။
“မြို့နယ်တရားသူကြီး လာဘ်ပေးဖို့ အတွက် ငွေငါးသိန်းပေးတယ်၊ အမှုကိုဟိုရွေ့ ဒီရွေ့နဲ့ ပိုပေးနိုင်တဲ့သူရှိတဲ့အခါကျရင် ငါးသိန်းပေးတဲ့သူကို စီစဉ်ဆောင်ရွက်ပေးခြင်း မရှိပဲ၊ လေးသိန်းပြန်ပေးပြီးတော့မှ ကြားထဲကနေ တစ်သိန်းဖြတ်ယူတယ်၊ အဲဒီလို အဂတိ လိုက်စားမှုတွေ ကျနော်တို့ဆီမှာ အထောက်အထားရှိတယ်၊ ဒီ့ထက်မကအမှုတွေလည်း အများကြီးရှိတယ်၊ ဒီစနစ်ကိုပြင်မှရမယ်၊ ခရိုင်တရားရုံးတွေရဲ့ အဂတိလိုက်စားမှုတွေကို မဖော်ထုတ်ဘူးဆိုရင် ကျနော်တို့ ရန်ကုန်တိုင်းဒေသကြီးရဲ့ ပြည်သူတွေဟာ အမြဲဒုက္ခရောက်နေ မှာဖြစ်တယ်၊ တရားလိုရော တရားခံရော အဲဒီနှစ်ဖက်စလုံးအပေါ်မှာ ခုတုံးလုပ်ပြီးတော့ အဂတိလိုက်စားနေတဲ့ တရားသူကြီးအချို့ကို ဒီကနေ့ ဖော်ထုတ်နေခြင်းပဲ ဖြစ်ပါတယ်”
ဒီဆန္ဒပြပွဲကို တရားဝင်ခွင့်ပြုချက်နဲ့ ပြုလုပ်တာဖြစ်ပြီး နိုင်ငံရေးပါတီဝင်တချို့ကလည်း အားပေးခဲ့ကြပါတယ်။ ကိုထင်ကျော်က နောင်အခါမှာလည်း တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး နစ်နာမှုတွေရှိခဲ့ရင် တစ်ကိုယ်တော် ဆန္ဒပြသွားမယ်လို့ ပြောပါတယ်။