ကိုထင်ကျော်ကို နောက် ထပ် ထောင်ဒဏ်တစ်နှစ် ချမှတ်
2014.08.05

ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ လက်ကမ်း စာစောင်တွေ လိုက်ဝေခဲ့တဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ဒီနေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ် အမိန့်ချ လိုက် ပါတယ်။
ဒီနေ့ တရားရုံးက အမိန့်ချလိုက်တာနဲ့ ပတ်သက်ပြီး ကိုထင်ကျော်ရဲ့ဇနီးဖြစ်သူ မသန်းသန်းမော်က အခုလိုပြောပါတယ်။
"ဒီနေ့ သင်္ဃန်းကျွန်းတရားရုံးကနေပြီးတော့ ၅၀၅(ခ) ကိုပြစ်မှှုမြောက်တယ်ဆိုပြီးတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ်ချုပ်ရက်များ ရှိရင် ခံစားစေဆိုပြီးတော့ အမိန့်ချလိုက်ပါတယ်၊ ဒီအမိန့်ချလိုက်တဲ့အပေါ်မှာတော့ ကိုထင်ကျော်ကတော့ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေ အနေတွေ တင်ပြခြင်းမို့လို့ ၅၀၅(ခ) မမြောက်ကြောင်း သူ့မှာအပြစ်ကြောင်းကို လျှောက်လဲချက်ပေး တယ်ပေါ့နော်၊ သူ့ကိုအမိန့်ချသည်ဖြစ်စေ၊ လွှတ်သည်ဖြစ်စေပေါ့နော်၊ လက်ရှိမြန်မာနိုင်ငံ မှာ ဖြစ်ပေါ်နေတဲ့ ကိစ္စအရပ်ရပ်တွေကို ပြည်ထောင်စုအစိုးရက ဖြေရှင်းမပေး မချင်းပေါ့၊ ငြိမ်းချမ်းတဲ့ နည်းတွေနဲ့ ထောင်ထဲမှာ ရှိသည်ဖြစ်စေ၊ အပြင်ကို လွတ်လာသည်ပဲဖြစ်စေ ဆက်လက်လုပ်ဆောင် သွားမယ်လို့ သူကပြောကြားသွားတယ်"
MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို ကျောက်တံတား၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ တောင်ဒဂုံစတဲ့ မြို့နယ် ၁၁ မြို့နယ်က ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲထားတာဖြစ်ပြီး သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ မြောက်ဒဂုံစတဲ့ မြို့နယ် ၅ မြို့နယ်က စုစုပေါင်း ထောင်ဒဏ် ၄ နှစ်ခွဲ အမိန့်ချထားပြီး ဖြစ်ပါတယ်။
ဒါ့အပြင် ကိုထင်ကျော်ဟာ လှည်းကူးမြို့နယ် သမီးကလေးကျေးရွာ အဖျက်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့မှာ ဆန္ဒပြခဲ့တဲ့အတွက် ကျောက်တံတားမြို့နယ်တရားရုံးက တရားမဝင် စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃လ၊ မရမ်းကုန်းမြို့နယ်က အသိမ်းခံထားရတဲ့ မြေယာတွေပြန်လည် ရရှိဖု့ိ ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့မှာ အကူအညီတောင်းခံခဲ့တာနဲ့ပတ်သက်ပြီး ဗဟန်းမြို့နယ် တရားရုံးက ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လ ချမှတ်ခံထားရပါတယ်။ ကိုထင်ကျော် ဟာ စုစုပေါင်း ထောင်ဒဏ် ၅ နှစ် နီးပါး ပြစ်ဒဏ်ချမှတ်ခံထားရပြီး ဖြစ်ပါတယ်။