ခိုတောင်ကျွန်း လူသတ်မှု ကြာသပတေးနေ့ မနက် အမိန့်ချမည်
2019.08.28

ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ ခိုတောင်ကျွန်းက ဗြိတိန် စုံတွဲ အသတ်ခံခဲ့ရတဲ့ အမှုမှာ ဖမ်းဆီးတရားစွဲဆိုခံခဲ့ရပြီး သေဒဏ်ချမှတ်ခံထားတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦးရဲ့ အယူခံကို ဒီနေ့ အမိန့်ချမှာဖြစ်ကြောင်း သိရတယ်။
ဒီနေ့ မနက် ၁၀ နာရီမှာ နွန်သာဘူရီ တရားရုံးချုပ်က အမိန့်ချမယ်လို့ သူတို့အမှုကို ကူညီဆောင်ရွက်ပေးနေတဲ့ အလုပ်သမားအခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဗြိတိန်နိုင်ငံသား Andy Hall က ပြောပါတယ်။
အယူခံတင်ထားတဲ့ ကိုဇော်လင်းနဲ့ ကိုဝေဖြိုး ခေါ် ကိုဝင်းဇော်ထွန်းတို့ကို အဲဒီတရားရုံးအနီးက အကျဉ်းထောင်မှာ ၂၀၁၅ ခုနှစ်ကစလို့ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ်။ ဒါ့ပြင် သူတို့ကို တရားမဝင် နေထိုင်မှုနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါသေးတယ်။
ခိုတောင်လူသတ်မှုနဲ့ ပတ်သက်ြပြီး စုံစမ်းစစ်ဆေးတာတွေ၊ တရားရုံးကြားနာမှုတွေမှာ ရဲတပ်ဖွဲ့ရဲ့ နှိပ်စက်ညှဉ်းပန်း ခြိမ်းခြောက်မှုတွေ၊ ရဲလုပ်ငန်း မကျွမ်းကျင်တာတွေ၊ သက်သေမှားယွင်းမှုတွေ ရှိခဲ့တယ်ဆိုတဲ့ အငြင်းပွားဖွယ်ရာတွေ ပေါ်ပေါက်ခဲ့တဲ့ကြားက သေဒဏ်ချမှတ်ခဲ့တာလို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။