ခေါင်းဆောင်ပုံများ မဖွယ်မရာ Facebook မှာတင်သူဆိုပြီး အမှုဖွင့်


2016.02.15
hlaphone-620.jpg ကြက်ဖကြီး အကောင့်ပိုင်ရှင်ဆိုပြီး စွပ်စွဲဖမ်းဆီးထားသူ ကိုလှဖုန်း ကို မရမ်းကုန်းမြို့နယ်တရားရုံးမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရုံးထုတ်လာစဉ်
Photo: Aung Thain Kha/ RFA

နိုင်ငံတော်သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဓာတ်ပုံတွေကို ပြုပြင်ပြီး ဖေ့ဘွတ်စ်မှာ တင်ခဲ့တဲ့ ကြက်ဖကြီး အကောင့်ပိုင်ရှင်ဆိုသူ ကိုလှဖုန်းကို ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် တရားရုံးမှာ   မနေ့က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။

လောလောဆယ် ဖမ်းဆီးခံထားရတဲ့ ကိုလှဖုန်း ဆိုသူဟာ ကြက်ဖကြီးအကောင့်ပိုင်ရှင် အစစ်အမှန် မဟုတ်ဘူးလို့ ကိုလှဖုန်းရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။

"တရားစွဲဆို ခွင့်ပြုမိန့်ကို ဆက်သွယ်ရေးဦးစီးဌာနကို သူတို့တင်ရဦးမယ်၊ လတ်တလောအခြေအနေ မှာတော့ တရားစွဲတင်မှာလား၊ မတင်ဘူးလား ဆိုတာတော့ ပြောလို့မရဘူး၊ ဘာလို့မရလဲဆိုတော့ ရမန်ယူ တဲ့အဆင့်ပဲ၊ တရားစွဲတင်ဖို့တွက် အချက်အလက်မပြည့်စုံရင်လည်း ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၆၉နဲ့ လွှတ်နိုင်တယ်၊ ကျနော်တို့သိရသလောက်ကတော့ အင်္ဂလိပ်ကြက်ဖက အခုလက်ရှိဖမ်းခံထားရတဲ့သူမဟုတ် ဘူးဆိုတာတော့ ကျနော်တို့သိရတယ်၊ သူရဲ့အကောင့်က မြန်မာလိုရေးတဲ့ကြက်ဖကြီးလည်းမဟုတ်ဘူး၊ အင်္ဂလိပ်လိုရေးတဲ့ ကြက်ဖကြီးလည်းမဟုတ်ဘူး၊ ကိုဖုန်းဆိုတဲ့အကောင့်ပဲ၊ အင်္ဂလိပ်ကြက်ဖက ကျနော်တို့ရှာတာ ၇ ကောင့်လောက်တွေ့တယ်၊ မြန်မာစကားလုံးနဲ့ ကြက်ဖက ၅ ကောင့်လောက်တွေ့တယ်၊ တကယ်လို့ သူသာဟုတ်နေရင် ဒီဟာက တက်စရာ အကြောင်းမရှိတော့ဘူး၊ ဒါပေမယ့် တက်နေတယ်ဆိုတော့၊ ဒီပေါ်မှာလည့် တရားစွဲတဲ့အဖွဲ့အစည်းက အများကြီးစဉ်းစားမှာပေါ့"

ကိုလှဖုန်းက သူ့ကို ကြက်ဖကြီး ဆိုပြီး စွပ်စွဲဖမ်းဆီးထားတာလို့  တရားရုံးထုတ်ရာမှာ သတင်းမီဒီယာသမားတွေ ကို ပြောပါတယ်။

ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး စိုးဝင်းမော်က တရားလိုလုပ်ပြီး မရမ်းကုန်းမြို့နယ် ရဲစခန်းမှာ သူ့ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့  အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ကိုလှဖုန်းဟာ သင်္ဘောသားတစ်ဦး ဖြစ်ပြီး မြန်မာပြည်ပြန်ရောက်တာဟာ တစ်လခန့်သာ ရှိသေးတယ်လို့ သိရပါတယ်။ သူ့ကို ကြက်ဖကြီးအကောင့်ပိုင်ရှင်ဆိုပြီး ဖမ်းဆီးထားပေမယ့် လက်ရှိအချိန်ထိ ကြက်ဖကြီး အကောင့်နဲ့ ဖေ့စ်ဘွတ်ပေါ်မှာ စာသားတွေတက်နေဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။