မြန်မာလူငယ်နှစ်ဦး အမှု ပြန်သုံးသပ်ပေးဖို့ ထိုင်းရှေ့နေချုပ်ရုံးကို တင်ပြ


2014.10.28
koh-tao-murder-305.jpg ထိုင်းခိုတောင်းကျွန်း လူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီးထားတဲ့ မြန်မာ နှစ်ဦးကို မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်တွေ့ဆုံစဉ်
Photo: Min Oo

ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦးကို သတ်ခဲ့တဲ့ တရားခံတွေဆိုပြီး ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး ထားတဲ့ မြန်မာနိုင်ငံသား လူငယ်နှစ်ဦးအမှုကို ထိုင်းနိုင်ငံ ဗဟိုအစိုးရရှေ့နေရုံးက ပြန်လည်စဉ်းစားသုံးသပ်ပေး ဖို့ မြန်မာသံရုံးအဖွဲ့က ဒီကနေ့ သူတို့နှစ်ဦးရဲ့ ထွက်ဆို ချက်တွေနဲ့ ပေးပို့လိုက်ပါတယ်။

ဒီကနေ့ ပေးပို့တဲ့စာထဲမှာ တရားခံအဖြစ် စွပ်စွဲခံထား ရသူ မြန်မာလူငယ်နှစ်ဦးက မိဘတွေအပြင် မြန်မာသံရုံး အဖဲ့ွတို့နဲ့ တေ့ွဆုံစဉ်က သူတို့မသတ်ခဲ့ကြောင်း ငြင်းဆို ထားတဲ့ အထောက်အထားနဲ့တကွ တင်ပြထားတယ် လို့ မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့ဝင် ရှေ့နေဦးအောင် မျိုးသန့်က ပြောပါတယ်။

"တရားခံဖြစ်တဲ့ မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်း တို့ကို တွေ့ခဲ့တုန်းက သူတို့က ဒီမှုနဲ့ပတ်သက် ကျူးလွန်ပါဝင်ခြင်း မရှိဘူးဆိုတာကို အမေအဖေရှေ့ မှာ ပြောခဲ့တာကို အားလုံအမှန်အတိုင်း လက်မှတ်ထိုး ပြီးတော့ ဒီစာကို ဗဟိုအစိုးရရှေ့နေရုံးကို တင်ခဲ့တာပါ၊ သံရုံးအထူးအဖွဲ့ရှေ့မှာ ပြောပြချက်တွေ သူတို့ရဲ့ အမှန်အတိုင်း ထွက်ဆိုချက်တွေက ပါဝင်ပတ်သက်ခြင်းမရှိလို့ အမှုကို ပြန်လည်သုံးသပ် စဉ်းစားပေးဖို့ဆိုတဲ့ သဘောလည်းပါပါတယ်"

မြန်မာလူငယ်နှစ်ဦးက ဗြိတိန်နိုင်ငံသားစုံတွဲကို သူတို့မသတ်ခဲ့ကြောင်း၊ ထိုင်းရဲတွေက နှိပ်စက်ပြီး ဝန်ခံခိုင်းခဲ့ တာကြောင့် မိမိတို့သတ်တာပါလို့ ထွက်ဆိုခဲ့ရတာဖြစ်ကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့က မိဘတွေအပြင် မြန်မာသံရုံးအဖွဲ့တို့နဲ့ တွေ့ဆုံစဉ် ပြန်လည်ပြင်ဆင်ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။

တရားခံအဖြစ် ဝန်ခံထားတာကိုလည်း ပယ်ဖျက်ပေးဖို့ အမှုဖြစ်ခဲ့တဲ့ ကော့စမွီး ခရိုင်တရားရုံးကို ပြန်လည် တင်ပြထားတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။