လိပ်ကျွန်းမှ မြန်မာနှစ်ဦးကိစ္စ ရဲက ဆန္ဒပြခွင့်မပေး


2016.01.24
koh-tao-protest-ygn-620.jpg လိပ်ကျွန်းလူသတ်မှုမှာ မြန်မာနိုင်ငံသား ၂ ဦးကို သေဒဏ်ချမှတ်လိုက်တာကြောင့် ဒီဇင်ဘာလ ၂၄ ရက်နေ့က ထိုင်းသံရုံးအနီးမှာ ဆန္ဒဖော်ထုတ်နေကြစဉ်
Photo: Kyaw Zaw Win/ RFA

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုနဲ့ သေဒဏ်အမိန့်ချမှတ်ခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦး အယူခံဝင်ချိန်ကာလမှာ ဆန္ဒပြတောင်းဆိုမှုတွေ မလုပ်ကြဖို့ အုပ်ချုပ်ရေး အာဏာပိုင်တွေနဲ့  သံဃာ့နာယကအဖွဲ့တွေက သတိပေးတားမြစ်တာတွေ ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသား နှစ်ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့  လွတ်မြောက်ရေးအတွက် ရွှေတိဂုံအရှေ့ ဘက်မုခ် ကြေးသွန်းဘုရားကနေ ထိုင်းနိုင်ငံသံရုံးရှေ့ အထိ ချီတက်လမ်း လျှောက်ဖို့ ဒဂုံမြို့နယ်ရဲစခန်းနဲ့ ဗဟန်းမြို့နယ်ရဲစခန်းမှာ ပြီးခဲ့တဲ့ အပတ်က ခွင့်ပြုမိန့်တင်ပေမယ့် ခွင့်ပြုမိန့်မရခဲ့ဘူးလို့ သိရပါတယ်။

ရန်ကုန်မြို့ ကြေးသွန်းဘုရားအနီးမှာ ဒီနေ့ ဆန္ဒပြခဲ့ကြသူတွေက ဆန္ဒပြအပြီး ဒဂုံမြို့သစ်က မကွေးကျောင်းတိုက် မှာ  ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ မြန်မာအမျိုးသားကွန်ရက်အဖွဲ့ဝင် ကိုဝင်းကိုကိုလတ်က ပြောတာဖြစ်ပြီး သူတို့အနေနဲ့ ဆက်လက်ဆန္ဒပြ တောင်းဆိုသွားမယ်လို့ပြောပါတယ်။

"အဓိကကတော့ ထိုင်းနိုင်ငံ ကော်စမွီခရိုင် တရားရုံးက တရားရုံးကနေပြီးတော့ မတရားသေဒဏ်ချမှတ် လိုက်တဲ့ မြန်မာနိုင်ငံသား ၂ ယောက်အတွက် ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့တာတွေရှိပါတယ်၊ ဆန္ဒထုတ်ဖော်တဲ့ အခါမှာ သက်ဆိုင်ရာကနေ ခြိမ်းခြောက် တာတွေပေါ့နော်၊ ဖမ်းမယ်၊ ဆီးမယ်ပြောတာတွေနဲ့ ပတ်သက် ပြီးတော့ သတင်းစာ ရှင်းလင်းပွဲလုပ်ခြင်းဖြစ်ပါတယ်၊ ရွှေတိဂုံဘုရားပေါ်မှာ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ဆုတောင်းပွဲလိုဟာမျိုးလုပ်မလား၊ ဆက်လက်ပြီးဆန္ဒထုတ်ဖော်သွားမလား ပြောတဲ့အခါကျတော့ တစ်ယောက်ရှိလည်း တစ်ယောက်နဲ့ ထုတ်ဖော်မယ်၊ ဖမ်းမှာဆီးမှာ ကြောက်လို့မလာရင်လည်း ရှိတဲ့သူနဲ့ပဲ လုပ်မယ်လို့ စီစဉ်ဖြစ်ပါတယ်"

ကိုဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ထိုင်းနိုင်ငံ ကော်စမွီခရိုင် တရားရုံး က သေဒဏ်အပါအဝင် အမှုခုနစ်မှုနဲ့ အမိန့်ချမှတ် ခဲ့တာ ဖြစ်ပါတယ်။ သူတို့ ၂ ဦး အယူခံဝင်ဖို့ အတွက် တစ်လစောင့်ဆိုင်းရမှာဖြစ်ပြီး ဒီကနေ့ဟာ တစ်လပြည့်တဲ့နေ့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။