ငြိမ်းချမ်းရေးလှုပ်ရှားမှုထဲ ကရင်တွေ ပါဝင်ကြဖို့ KNU ဖိတ်ခေါ်
2019.12.25
ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ကျရောက်မယ့် ၂၇၅၉ ခုနှစ် ကရင်နှစ်သစ်ကူးနေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူးတူးစေးဖိုးက စစ်မှန်တဲ့ ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်နေကြောင်းနဲ့ ကရင်တိုင်းရင်း သားတွေ ဝိုင်းဝန်းဆောင်ရွက်ဖို့ ထည့်သွင်းတိုက်တွန်းလိုက်တာပါ။
လက်နက်ကိုင် တိုက်ပွဲဝင်တာတွေကိုနားပြီး စားပွဲဝိုင်းပေါ်ကနေ ဆွေးနွေးအဖြေရှာတဲ့ နည်းလမ်းနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားတာပါ။
ကရင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး မန်းကျော်ငြိမ်းက KNU ဥက္ကဋ္ဌရဲ့ သဝဏ်လွှာပါ ဖော်ပြချက် အတိုင်း စားပွဲဝိုင်းပေါ်ကနေ အဖြေရှာတာ၊ အခြားတိုင်းရင်းသားတွေနဲ့ ပူးပေါင်း ဆောင်ရွက်တာတွေကို ထောက်ခံတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာ နှစ်ဦးနှစ်ဖက်လက်ခံနိုင်တဲ့ပုံစံမျိုးနဲ့ ဆွေးနွေးသင့်ပြီး တဖက်သတ် တရားသေကိုင်ပြီး ဆွေးနွေးတာမျိုးတွေတော့ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို တိုင်းရင်းသားတွေက အကန့်အသတ်နဲ့ သာရရှိနေတာကြောင့် ဆက်လက်ဆောင်ရွက်သွားမယ်လို့ မန်းအောင်ပြည်စိုးက ပြောပါတယ်။
ကရင်ပြည်နယ် အရပ်ဘက်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နန်းမြင့်အောင်ကလည်း KNU သဝဏ်လွှာနဲ့ပတ်သက်ပြီး ထောက်ခံတယ်လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ KNU က အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့နဲ့အတူ လက်နက်ကိုင် တိုက်ပွဲဝင်တဲ့ နည်းလမ်းကို ရပ်ဆိုင်းထားပြီး အပစ်အခတ်ရပ်စဲပြီး အစိုးရနဲ့ ဆွေးနွေးနေပေမယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရသေးဘူးလို့ သဝဏ်လွှာမှာ ထည့်သွင်း ပြောဆိုထားပါတယ်။
ကရင်တိုင်းရင်းသားတွေအနေနဲ့ အခြားတိုင်းရင်းသားတွေနည်းတူ လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ အမျိုးသားရေး အရ တရားမျှတမှုတွေအပြင် လူမျိုးတမျိုးရဲ့ ရပိုင်ခွင့်တွေဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူ့အခွင့်အရေးတွေကို မရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကရင်အမျိုးသားစည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးကော်မတီဝင်လည်းဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လည်းဖြစ်တဲ့ နော်စူစန်နာလှလှစိုးကတော့ တိုင်းရင်းသားတွေ လိုလားတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ရဖို့အတွက် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဖို့လိုတယ်လို့ ပြောပါတယ်။
လက်ရှိ KNU ဟာ အပစ်ရပ်လက်မှတ်ရေးထိုးထားပေမယ့် တရားဝင် နိုင်ငံရေးဆွေးနွေးပွဲတွေကနေ ပါဝင်ဆွေး နွေးဖို့ ရပ်ဆိုင်းထားကြောင်း ကြေညာထားပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အဖွဲ့ နာယက ဦးခွန်ဥက္ကာကတော့ KNU အနေနဲ့ တရားဝင်ဆွေးနွေးပွဲထဲ ပြန်ဝင်ရောက်လာမှာကို ကြိုဆိုကြောင်းနဲ့ တိုင်းရင်းသားတွေလိုလားနေတဲ့ နိုင်ငံရေးအခွင့်အရေးဟာ ဆွေးနွေးပွဲကနေသွားရမယ်လို့ ပြောပါတယ်။
KNU အဖွဲ့ဟာ ၁၉၄၈ ခုနှစ် နိုင်ငံလွတ်လပ်ရေးရပြီး မကြာခင်မှာ ပေါ်ပေါက်လာပါတယ်။ ထိုင်းမြန်မာနယ်စပ်မှာ တပ်မတော်နဲ့ ဆယ်စုနှစ်အတန်ကြာ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပွားခဲ့တာ ၂၀၁၀ ဝန်းကျင်အထိဖြစ်ပါတယ်။ ဒီအဖွဲ့ကြီးကနေ ခွဲထွက်ပြီး ပေါ်ပေါက်လာတဲ့ DKBA, KNU/KNLA ငြိမ်းချမ်းရေးကောင်စီဆိုတဲ့ အဖွဲ့တွေလိုပဲ ဦးသိန်းစိန်အစိုးရ လက်ထက်အတွင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်မှာပါဝင် လက်မှတ် ထိုးထားပါတယ်။
KNU ဥက္ကဋ္ဌရဲ့ သဝဏ်လွှာမှာ ၁၉၃၇ ပါလီမန်မှာ ကရင်နှစ်သစ်ကူးနေ့ကို အသိအမှတ်ပြုပေးဖို့ တင်ပြတောင်းဆို ခဲ့ပြီး တရားဝင် အသိအမှတ်ပြုလိုက်တာကြောင့် တစ်နိုင်ငံလုံးမှာ ကျင်းပနေကြတာဖြစ်တယ်လို့ ဖော်ပြပါ ရှိပါတယ်။
လက်ရှိအချိန်မှာ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတွေကို ကရင်တိုင်းရင်းသားတွေရှိတဲ့ နိုင်ငံအနှံ့မှာ ကျင်းပနေတဲ့အပြင် နိုင်ငံတကာမှာလည်း ကျင်းပပြုလုပ်ကြပါတယ်။