ကေအိုင်အိုနဲ့ အစိုးရကြား နိုင်ငံရေး အရ ဆွေးနွေးဖို့ သဘောတူ

ကေအိုင်အိုနဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ တရုတ်နိုင်ငံရွှေလီမြို့မှာ အောက်တိုဘာလ ၃၀ ရက် ဒီကနေ့တွေ့ဆုံကြရာမှာ နောက်တစ်ကြိမ်မှာ နိုင်ငံရေးအရ ဆွေးနွေးဖို့ သဘောတူညီမှုရရှိခဲ့ပြီး တပ်ပိုင်းဆိုင်ရာကိစ္စတွေကိုတော့ မဆွေးနွေးဖြစ်ဘဲ တစ်ရက်တည်းနဲ့ ဆွေးနွေးပွဲ ပြီးဆုံးသွားပါတယ်။

2012.10.30
kio-govt-peacetalk-rulli အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ နဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ရွှေလီမြို့မှာ အောက်တိုဘာလ ၃၀ ရက်နေ့က ဆွေးနွေးစဉ်
Photo: RFA

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ဦးဆွမ်လွတ်ဂန်ဦးဆောင်တဲ့ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ဟာ  ဒီနေ့မနက် ၉နာရီလောက်က စတင်ပြီး တရုတ်နိုင်ငံ ရွှေလီမြို့ ကျင်းချိန့်ဟော်တယ်မှာ တွေ့ဆုံဆွေးနွေးကြတာပါ။

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက  နိုင်ငံရေးအရ ဆက်လက်တွေ့ဆုံဆွေးနွေးကြဖို့  အခုလို ပြောပါတယ်။

“နိုင်ငံရေးဆွေးနွေးပွဲကို ဆက်ပြီး လုပ်သွားမှာဖြစ်ပါတယ်။ ဆရာကြီးကိုလဲ တင်ပြထားပြီးဖြစ်ပါတယ်။ ကျနော်တို့ ဘယ်နေရာမှာဆွေးနွေးမယ် ဘယ်အချိန်မှာဆွေးနွေးမယ်ဆိုတာ ကို ကျနော့ကို တပတ်လောက် ၁၀ ရက်လောက်ကြိုပြေးပေးပါ။ ဆွေးနွေးမဲ့အချက်ကလေးတွေပဲ ကျနော့်ကို ကြိုပေးထားလို့ရှိရင် ကြိုပီးတော့ လေ့လာထားလို့ရပါတယ် ဆိုတာလေးကျနော်တင်ပြထားပါတယ်။ ကျနော်အဲဒီအတိုင်းပဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

လာမယ့် တွေ့ဆုံပွဲကို တရုတ်နိုင်ငံမှာ မဟုတ်ဘဲ မြန်မာနိုင်ငံဘက်က မူဆယ်၊ ဗန်းမော်၊ နဲ့ တခြားနေရာတခုခုမှာ ဆွေးနွေးဖို့ ရည်ရွယ်ထားကြောင်းလည်း ဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။

အခုလို အစိုးရဘက်က နိုင်ငံရေးဆွေးနွေးပွဲ ဆက်လက် ပြုလုပ်သွားဖို့ ပြောဆိုတဲ့အပေါ် ကေအိုင်အို ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဝင် ဦးဂျီးနောင်က RFA ကို ခုလိုပြောပါတယ်။

“ကျနော်တို့လိုချင်တဲ့နိုင်ငံရေးဆွေးနွေးပွဲအတွက် ဒီနေ့အခိုင်အမာပဲ ဦးအောင်မင်း အနေနဲ့ ဆွေးနွေးဖို့ သဘောတူလိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်။ နောက်ဆက်တွေ့တဲ့အခါ အမြန်ဆုံးတွေ့နိုင်ဖို့ကိုလဲ ကျနော်တို့ ကြိုးစားပါတယ်။ နောက်ပြီးတွေ့တဲ့အခါကျတော့ နိုင်ငံရေးကိစ္စကို ဆွေးနွေးဖို့အတွက် ကျနော်တို့ အများကြီးအားခဲထားပါတယ်။ ဟုတ်ကဲ့တိုးတက်တယ်လို့ ပြောရပါမယ် နိုင်ငံရေးဆွေးနွေးမယ်လို့ အခိုင်အမာ အားလုံးရဲ့ ရှေ့မှာပြောတဲ့အတွက်ကြောင့် ကျနော်တို့အတွက် ဝမ်းသာပါတယ် တိုးတက်မှုရှိတယ်လို့ပဲ ခံယူပါတယ်။”

အရင်က နှစ်ဖက် တွေ့ဆုံပွဲမှာ တပ်ဖက်နဲ့ပတ်သက်လို့ ဆုံးဖြတ်နိုင်တဲ့ သူတွေပါမယ်လို့ သတင်းတွေထွက်ခဲ့ ပေမယ့် ဒီနေ့ ဆွေးနွေးပွဲမှာ အစိုးရ  ကာကွယ်ရေးဝန်ကြီးဌာနက စစ်ဆင်ရေးအထူးအဖွဲ့မှုး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ပါမလာခဲ့သလို  ကေအိုင်အိုဖက်ကလည်း တပ်ဖက်ဆိုင်ရာ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ပါမလာဘူးလို့ သိရပါတယ်။ ဒါကြောင့် ၃၀ ရက်နဲ့ ၃၁ ရက် လုပ်ဖို့စီစဉ်ထားတဲ့ တွေ့ဆုံပွဲဟာ  ဒီနေ့တရက်တည်းနဲ့ ပြီးဆုံးသွားတာလို့ ဆိုပါတယ်။

ဒီဆွေးနွေးပွဲမှာ ဦးအောင်မင်းအပြင် ရှမ်းပြည်နယ် နဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ်တွေ၊ မြောက်ပိုင်းတိုင်းနဲ့ အရှေ့မြောက်ပိုင်းတိုင်း က စစ်တိုင်းမှုးတွေ အပါအဝင် နယ်စပ်ရေးရာ ဝန်ကြီးတွေလည်း  အတော်များများ ပါဝင်ကြပါတယ်။

ကေအိုင်အိုဖက်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဦးှဆွန်လွတ်ဂမ်နဲ့ ဦဇော်တောင်၊ ဦးဂျီးနောင်၊ ဦးဇော်ရော် စတဲ့သူတွေ ပါဝင်ကြပါတယ်။

 

ငြိမ်းချမ်းရေး အကျိုးတော်ဆောင် သမ္မတဦးသိန်းစိန်ရဲ့ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ ကျော်ရင်လှိုင်ကို အာအက်ဖ်အေ ဝိုင်းတော်သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားပါတယ်။

 

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။