မြစ်ကြီးနားမှာ လူငယ်နှစ်ဦး လက်ပြန်ကြိုးတုပ် အသတ်ခံရ

RFA Burmese
2024.06.30
မြစ်ကြီးနားမှာ လူငယ်နှစ်ဦး လက်ပြန်ကြိုးတုပ် အသတ်ခံရ မြစ်ကြီးနားတွင် လက်ပြန်ကြိုးတုပ် အသတ်ခံခဲ့ရသူတစ်ဦးအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဇွန်လ ၂၉ ရက်နေ့တစ်ရက်တည်းမှာပဲ လက်ပြန်ကြိုးတုပ်ပြီး အသတ်ခံထားရတဲ့ လူငယ်အမျိုးသားနှစ်ဦး ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အလောင်းတွေကို ရာဒါကောင်းနဲ့ အေးစေတီ ရပ်ကွက်နှစ်ခုမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ခန္ဓာကိုယ်ပေါ်မှာ သျှမ်းနီ တရားစီရင်ရေးအဖွဲ့ စာတန်းပါတဲ့ကတ်ပြား ချိတ်ဆွဲထားတာတွေ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးသွားသူနှစ်ဦးရဲ့ အလောင်းတွေကိုတော့ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ အမည်မဖော်လိုတဲ့ မြစ်ကြီးနားမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်မှာ သျှမ်းနီတရားစီရင်ရေးအဖွဲ့ဆိုပြီး ကတ်ပြားချိတ်ထားတယ်။ ပြီးတော့ လည်ပင်းတွေမှာလည်း ပြတ်ရှဒဏ်ရာတွေ တွေ့တယ်။ ကြိုးကွင်းစွပ်ထားတဲ့ ဒဏ်ရာတွေလည်းတွေ့တယ်။ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခံထားရတဲ့ ပုံစံပါပဲ"

သေဆုံးသူနှစ်ဦး ဘယ်သူဘယ်ဝါဆိုတာနဲ့ ဘယ်အဖွဲ့က သတ်ဖြတ်ခဲ့သလဲဆိုတာ လတ်တလော မသိရသေးသလို မြစ်ကြီးနားမြို့ပေါ်မှာ အခုလိုပုံစံ သတ်ဖြတ်ခံရမှုဟာ ပထမဆုံးဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မြစ်ကြီးနားမြို့မှာ လုယက်သတ်ဖြတ်မှုတွေလည်း မကြာခဏဖြစ်နေပေမဲ့ ကျူးလွန်သူတွေကို အခုအချိန်အထိ ဖမ်းဆီးနိုင်တာမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။