ဒေသခံ ၈၀၀ ကျော် မြစ်ကြီးနားမှာ ဆန္ဒပြ


2016.08.28
kia-protest-620.jpg တိုက်ပွဲတွေ ရပ်တန့်ဖိုအတွက် မြစ်ကြီးနားဒေသခံတွေ သြဂုတ်လ ၂၈ ရက်နေ့က ဆန္ဒပြတောင်းဆိုနေစဉ်
Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားကျေးရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က တိုက်ပွဲဖြစ်ပွား မှုကြောင့် လက်နက်ကြီးကျရောက်ပြီး အလယ်တန်းကျောင်းဆရာမ တစ်ဦးအပါအဝင် ရွာသား တချို့ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် တိုက်ပွဲတွေ ရပ်တန့်ဖို့ ဒေသခံ ၈၀၀ ကျော်က မြစ်ကြီးနားမြို့မှာ ဒီကနေ့ ဆန္ဒပြကြပါတယ်။

ပြည်သူတွေရှိတဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်တာမဖြစ်သင့်ကြောင်း ဆန္ဒပြပွဲ ဦးဆောင် သူတစ်ဦးဖြစ်တဲ့ ဦးခင်မောင်အေး က ပြောပါတယ်။

"ရွာထဲကို လက်နက်ကြီးနဲ့ ပစ်တဲ့အတွက် ဆရာမတစ်ယောက် ဒဏ်ရာရတယ်၊ ကျောင်းသား တစ်ယောက်ဒဏ်ရာရတယ်၊ ပြည်သူ့စစ်တစ်ယောက် ဒဏ်ရာရတယ်၊ အခုထက်ထိ ဆေးရုံက မဆင်းရသေးပါဘူး၊ ကျွန်တော်တို့ ပြည်သူတွေရှိတဲ့ ရွာထဲကို အဝေးကနေ လက်နက်ကြီးနဲ့ ပစ်တာလဲ။ ပျက်စီးစေလိုတာလား၊ ဖျက်ဆီးတာလား"

ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က အစိုးရတပ်မတော်ရဲ့ ရှေ့တန်းလှုပ်ရှားတဲ့ တပ်တွေနဲ့ ကေအိုင်အေ တပ်ရင်း ၆ တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ နေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်။

အစိုးရတပ်မတော် နဲ့ ကေအိုင်အေတပ်တွေဟာ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း တရုတ် - မြန်မာနယ်စပ် ဆဒုံး - ကန်ပိုက်တီဒေသ၊ လိုင်ဇာဒေသတစ်ဝိုက်နဲ့ ဧရာဝတီမြစ်အနောက်ဘက်ခြမ်း ဟူးကောင်းနဲ့ ကာမိုင်းဒေသတွေမှာ ဇူလိုင်လကုန်ပိုင်းကစပြီး ဒီကနေ့အထိ နှစ်ဖက် စစ်ရေးတင်းမာနေတာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲကို မြစ်ကြီးနား၊ မိုးကောင်း၊ ဝိုင်းမော်၊ မိုးညှင်း၊ ဖားကန့် စတဲ့ မြို့နယ်တွေက ဒေသခံတွေ ပါဝင်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။