သိန္နီမြို့နယ်မှာ KIA တပ်ဖွဲ့ဝင်သုံးဦး ဖမ်းဆီးသတ်ဖြတ်ခံရ

RFA Burmese
2023.10.26
သိန္နီမြို့နယ်မှာ KIA တပ်ဖွဲ့ဝင်သုံးဦး ဖမ်းဆီးသတ်ဖြတ်ခံရ KIA တပ်ဖွဲ့ဝင် သုံးဦးနှင့်အတူ ဖမ်းဆီးရမိတယ်သည့် ဆိုင်ကယ်နှင့် လက်နက်အချို့အား People Media တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့က ဖော်ပြထားစဉ်။
People Media

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်အတွင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်ဖွဲ့ ရဲ့ မြို့နယ်မှူး အဆင့်ရှိသူတစ်ဦး အပါအဝင် သုံးဦးဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ် တာခံလိုက်ရတယ်လို့ မြေပြင်အခြေအနေ သိရှိသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

သူတို့သုံးဦးဟာ အခုလ ၆ ရက်နေ့မှာ သိန္နီနဲ့ ကွမ်လုံလမ်းပိုင်းမှာရှိတဲ့ နမ့်စလတ်ရွာက ဖုန်းဆိုင်တစ်ခုမှာ ဈေးဝယ်နေချိန် စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။

“ဖမ်းသွားတာကြာပြီ အခုမှ သတင်းတက်လာလို့ သေသွားပြီဆိုတာကို သိရတာပေါ့။ သူတို့က သုံးယောက်ပေါ့ ။ ဆိုင်ကယ်နဲ့ ရွာထဲဈေးဖို့ သွားတာ။ ဈေးဝယ်နေတုန်း အဖမ်းခံရတာ”

ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရသူတွေဟာ KIA တပ်ဖွဲ့ မြို့နယ်မှူး အဆင့်ရှိသူ ဖုန်ဂျားအောင်၊ ဒုမြို့နယ်မှူးအဆင့်ရှိ သူဇင်ထုံးဆိုင်းနော်နဲ့ တပ်သား လှဆန်းတို့ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချယ်နယ်တွေမှာတော့ အခုလ ၁၈ ရက်နေ့က နမ့်စလတ် ကျေးရွာအနီး ဖာတဲကျေးရွာမှာ မသင်္ကာစရာ ဆိုင်ကယ်နဲ့ လူသုံးဦးကိုတွေ့လို့ ရပ်တန့် ခိုင်းရာမှာ ထွက်ပြေးတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးတာမှာ KIA တပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ဆိုင်ကယ်နှစ်စီးနဲ့ လက်နက်အချို့ ရရှိတယ်လို့ ဖော်ပြထား ပါတယ်။

ဒီကိစ္စအတွက် ကချင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

သိန္နီ -ကွမ်းလုံ လမ်းပိုင်းမှာ အခုလဆန်းပိုင်းကစပြီး ကချင်လွတ်မြောက်ရေးတပ်မတော် KIA က စစ်ရေးလှုပ်ရှားမှုတွေပိုမို လုပ်ဆောင်လာသလို လမ်းပိုင်းမှာ သွားလာနေတဲ့ ကုန်တင်ကားတွေကို ငွေကောက်ခံမှုတွေ လုပ်ဆောင်နေတဲ့အတွက် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ မကြာခဏဖြစ်နေတယ်လို့ သိန္နီမြို့ခံ တစ်ဦးက ပြောပါတယ်။

ကွမ်းလုံး-သိန္နီလမ်းပိုင်းက စယ်အူ၊ နမ့်စလတ်၊ နားတီး ကျေးရွာတွေအနီး စစ်ကောင်စီ တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်ဖွဲ့တွေကြား ဒီနေ့အထိ စစ်ရေးအခြေအနေက တင်းမာနေတုန်းပဲလို့ သိန္နီမြို့ခံအချို့က RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။