အစိုးရနဲ့ ကေအိုင်အို ရွှေလီမှာ ထပ်မံဆွေးနွေးမည်
2013.03.05
အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုတို့ဟာ လာမည့်မတ်လ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ထမ်မံတွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။
ဒီတစ်ခေါက် တွေ့ဆုံဆွေးနွေးမှုမှာ အစိုးရဘက်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း ကော်မတီ ဒုဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ တပ်မတော်အရာရှိကြီးတွေ တက်ရောက်ဖို့ရှိကြောင်း သမ္မတရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက RFA ကို အတည်ပြုပြောကြားပါတယ်။
မတ်လ ၁၀ ရက်နေ့ ဆွေးနွေးပွဲကို ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်နဲ့ ကချင်ပြည်နယ် နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှုးကြီးသန်းအောင်တို့လည်း တက်ရောက်မှာဖြစ်တယ်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ ရဲမှူး ဦးကျော်ဇေယျာဝင်းက RFA ကို အတည်ပြုပြောကြားပါတယ်။
အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုတို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း ရွှေလီမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့် နှစ်ဖက်တပ်တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။