အင်းတော်ကြီးက ဆင်တွေအတွက် ကေအိုင်အေ အခွန်တောင်း
2017.01.12

ကချင်ပြည်နယ် အင်းတော်ကြီးဒေသက လောဆွန့်၊ အိုင်လေးသူ၊ မပြင်၊ ပန်းလား၊ နားလတန်း စတဲ့ ကျေးရွာတွေ က ဆင်သမားတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က ဆင်တစ်ကောင်ကို ၇ သောင်းနှုန်းနဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နောက်ဆုံးထားပေးဆောင်ဖို့ ကေအိုင်အေတပ်ရင်း ၂၆ က အကြောင်းကြားထားတယ်လို့ သိရပါတယ်။
အင်းတော်ကြီးဒေသမှာ ဆင်သမားတွေအပြင် တောင်သူတွေနဲ့ မိုးကောင်း-ဖားကန့် လမ်းပေါ်က ကားသမားတွေ ထံကနေ ကေအိုင်အေ တပ်မဟာ ၁ လက်အောက်ခံတပ်ရင်း ၆ နဲ့ တပ်ရင်း ၂၆ တို့က ကြေးကောက်ခံနေတာဖြစ် ပါတယ်။
ဒီနှစ် စပါးတွေပျက်စီးပြီး ဈေးနှုန်းတွေကျနေချိန်မှာ ဆက်ကြေးကောက်ခံနေတဲ့အတွက် အခက်အခဲတွေဖြစ်နေ ရတယ်လို့ အင်းတော်ကြီးဒေသခံ ရွာသားတစ်ဦးက ပြောပါတယ်။
"ပေးရမယ်ဆိုတော့ ဘယ်လိုလုပ်ပေးရမလဲ၊ တချို့က စပါးလည်း မရောင်းရဆိုတော့၊ တကယ်လို့များ မပေးလို့ ရှိရင် သူတို့ဘယ်လိုလာပြန်လုပ်မလဲ၊ လာဖမ်းသွားမလား၊ အဲလိုမျိုးဖြစ်နေကြတယ်၊ အခက်အခဲ ရှိနေကြတာပေါ့၊ ဒီနှစ်က စပါးလည်း မကောင်းဘူး စပါးဈေးကလည်း မကောင်းဆိုတော့ အခက်အခဲရှိနေကြတာပေါ့ ပေးရမှာ ကိုတော့ ကျနော်တို့ကတော့ ပေးချင်တဲ့စိတ် လုံးဝမရှိပါဘူး"
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကေအိုင်အေတပ်ရင်း ၆ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တန်ဆန့် က သူတို့အနေ နဲ့ အဓမ္မတောင်းယူတာမရှိဘူးလို့ ပြောပါတယ်။
"အဲဒီဘက်မှာတော့ တပ်ရင်း ၂၆ ရဲ့ဧရိယာဖြစ်ပါတယ်ခင်ဗျ၊ ဆက်ကြေးကောက်တဲ့ဟာ မရှိဘူးထင်တယ်၊ ၂ဝ၁၁ ခုနှစ်ကနေစပြီးမှ ကျနော်တို့က အခွန်အနေနဲ့ ကောက်တဲ့ဟာရှိပါတယ်၊ ဆက်ကြေးကောက်တဲ့ဟာ မရှိပါဘူး၊ အတင်းဓမ္မကြီးကို ဇွတ်ကြီးလုပ်တဲ့အပိုင်းကတော့ လုံးဝမရှိပါဘူးခင်ဗျ၊ ဒီကားတွေကတော့ ကျနော်တို့ ၁ နှစ်ကို ဘယ်လောက်ဆိုပြီးမှ သတ်မှတ်ထားတဲ့ဟာရှိပါတယ်၊ ကျနော်တို့ဧရိယာထဲ မှာ ဖြတ်သန်းသွားလာ လုပ်ကိုင် စားသောက်နေတဲ့ဟာကျတော့ တစ်နှစ် တစ်ကြိမ်ကောက်တဲ့အပိုင်းပဲ ရှိပါတယ်ခင်ဗျ"
ကချင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေစတင် ဖြစ်ပွားလာတဲ့ ၁၉၆၀ ကျော်က စပြီး ဒေသခံပြည်သူတွေဟာ အခွန်ပေးဆောင်ရတာ တပ်သားသစ်စုဆောင်းခံရတာ၊ ဖမ်းဆီးသတ်ဖြတ်ခံရတာ နဲ့ ပေါ်တာဆွဲခံရတာတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံကို ခံနေကြရတာဖြစ်ပါတယ်။