မြန်မာပြည်အရှေ့တောင်ပိုင်းမှာ အရပ်သား ၇၂ ဦးထက်မနည်း ပျောက်ဆုံး

RFA Burmese
2023.08.31
မြန်မာပြည်အရှေ့တောင်ပိုင်းမှာ အရပ်သား ၇၂ ဦးထက်မနည်း ပျောက်ဆုံး ထောင်ဒဏ်လွတ်ရက်စေ့ပြီး ပျောက်ဆုံးနေတဲ့ မန္တလေးမြို့က ဆရာတော် ဦးသောဘိတ (ခ) အလင်္ကာကြယ်ကို တွေ့ရစဥ်။
RFA

အာဏာအလွဲသုံးစားမှုကြောင့် သတင်းအစအနမရဘဲ ပျောက်ဆုံးသွားရမှုတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး ပျောက်ဆုံးသွားသူတွေအတွက် တရားမျှတမှုရရှိရေးဆောင်ရွက်နေသူတွေနဲ့ ညီညွတ်စွာရပ်တည်တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က သြဂုတ်လ ၃၀ ရက်မှာကျရောက်တဲ့ နိုင်ငံတကာ ပျောက်ဆုံးသူများနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

တရားဥပဒေစိုးမိုးမှုမရှိတဲ့အတွက် ပျောက်ဆုံးနေတဲ့ဖြစ်ရပ်တွေဟာ မြန်မာပြည်အရှေ့တောင်ပိုင်းမှာ ၂၀၂၁ စစ်အာဏာသိမ်းမှု မတိုင်ခင်ကတည်းက ဖြစ်ပွားနေပြီး စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ တဟုန်ထိုးများပြားလာတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကရင်ပြည်နယ်အတွင်း ပျောက်ဆုံးမှုတွေ ပိုမိုများပြားလာပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်အရှေ့တောင်ပိုင်းမှာ အရပ်သား ၇၂ ဦးကျော် ပျောက်ဆုံးတယ်ဆိုတဲ့ အစီရင်ခံစာတွေကို KHRG က ရရှိခဲ့ကြောင်းနဲ့ သူတို့ဟာ ဖမ်းဆီးခံရပြီးနောက် စစ်တပ်စခန်းနဲ့ ထောင်တွေကိုပို့ဆောင်ခံရချိန်မှာ သတင်းမရတော့ဘဲ ပျောက်ဆုံးသွားတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မိသားစုဝင်တွေဟာ ဖမ်းဆီးခံရတဲ့အကြောင်းနဲ့ ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားသလဲ ဆိုတာတွေကိုမသိရသလို ကျူးလွန်သူတွေက ပစ်မှတ်ထား တိုက်ခိုက်ခံရမှာကို ကြောက်ရွံ့နေရတာအပြင် ပံ့ပိုးကူညီမှုလည်း မရကြဘူးလို့ ဆိုပါတယ်။

အဲဒီလို ကြီးလေးတဲ့ရာဇဝတ်မှုတွေ လျှော့ချနိုင်ရေးအတွက် KHRG အနေနဲ့ ခိုင်မာစွာရပ်တည်ကြိုးပမ်းသွားမှာ ဖြစ်သလို လက်နက်ကိုင်တပ်ဖွဲ့တွေ ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေရပ်တန့်စေဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက အမြန်ဆုံးတားဆီးဆောင်ရွက်ပေးဖို့လည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။