ကယားစစ်ဘေးဒုက္ခသည် ၁၄၀၀ ကျော် အာဆီယံအကူအညီရ

RFA Burmese
2023.07.30
ကယားစစ်ဘေးဒုက္ခသည် ၁၄၀၀ ကျော် အာဆီယံအကူအညီရ AHA Center နဲ့ PNLO ပူးပေါင်းပြီး ရှမ်း-ကယားနယ်စပ် ဆီဆိုင်မြို့နယ် ရေဖြူရွာမှာ ခိုလှုံနေသည့် စစ်ဘေးဒုက္ခသည်များကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၆ ရက်က အကူအညီပေးခဲ့စဉ်။
KhamHti Radio

ကယားပြည်နယ်က စစ်ဘေးဒုက္ခသည် ၁၄၅၀ ကို အာဆီယံ လူသားချင်းစာနာမှု အကူအညီ ညှိနှိုင်းဆောင်ရွက်ရေး ဗဟိုဌာန (AHA Center ) က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PLNO) ကတစ်ဆင့် အကူအညီတွေ ထောက်ပံ့ပေးခဲ့တယ်လို့ PNLO အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်အောင်မန်းက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် ( KNDF) ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေကြောင့် ကယားပြည်နယ်က စစ်ဘေးဒုက္ခသည် ရှစ်ထောင်ကျော်ဟာ PNLO ထိန်းချုပ်နယ်မြေ ဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်နဲ့ မောက်မယ်မြို့နယ်အတွင်း လာရောက်ခိုလှုံနေတာပါ။

အဲဒီထဲက ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာမှာ ခိုလှုံနေတဲ့ ဒုက္ခသည် ၁၄၅၀ အတွက် ဆန်အိတ် လေးရာနဲ့ လူအသုံးအဆောင်ပစ္စည်းတွေကို ဇူလိုင်လ ၁၆ ရက်မှာ ကူညီခဲ့တာလို့ PNLO ကပြောပါတယ်။

AHA Center ဟာ PNLO နဲ့ပူးပေါင်းပြီး စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့ ပထမအကြိမ် ခရီးစဉ်အနေနဲ့ မေလ ၇ ရက်က လာရောက်ခဲ့ပေမယ့် ဆီဆိုင်မြို့နယ်ကို လာတဲ့လမ်းမှာ လက်နက်ငယ်နဲ့ ချောင်းမြောင်းပစ်ခတ်ခံရတဲ့အတွက် အစီအစဉ်ပျက်ခဲ့ပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့ လက်နက်ကိုင်ခုခံသူတွေအကြား အပြန်အလှန် စွပ်စွဲပြစ်တင်ခဲ့ကြပါတယ်။

ဒုတိယအကြိမ်အနေနဲ့ ဇူလိုင်လမှာ လာရောက်ကူညီခဲ့တာဖြစ်ပြီး ကျန်နေတဲ့ စစ်ဘေးဒုက္ခသည်တွေကိုလည်း ဆက်လက်ကူညီနိုင်ရေး ဆောင်ရွက်သွားမယ်လို့ PNLO ဗိုလ်မှူးကြီးခွန်အောင်မန်းက ပြောပါတယ်။

PNLO ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကိုလက်မှတ်ရေးထိုးထားပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖက်အဖြစ် ဆက်လက်ဆောင်ရွက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။