လွိုင်ကော်မြို့ပေါ် ရပ်ကွက်အချို့ ရေကြီးနစ်မြုပ်မှု ဆက်ဖြစ်နေ
2024.09.27

ကယားပြည်နယ် (ကရင်နီပြည်)၊ လွိုင်ကော်မြို့ပေါ် ရပ်ကွက်တွေမှာ စက်တင်ဘာလ ၂၇ ရက် ဒီမနက်ပိုင်းမှာ ရေထပ်တိုးလာတဲ့အတွက် ရေမမြုပ်ဘဲ ကျန်နေတဲ့ ရပ်ကွက်တွေပါ ရေနစ်မြုပ်မှုတွေရှိလာတယ်လို့ လွိုင်ကော်မြို့ခံတွေက RFA ကို ပြောပါတယ်။
လွိုင်ကော်မြို့ မှာ စက်တင်ဘာလ ၁၄ ရက်နေ့ကစပြီး ဘီလူးချောင်းရေ မြင့်တက်လာတာကြောင့် တစ်မြို့လုံးနီးပါး ရေဘေးနဲ့ ကြုံနေရတာပါ။
မိုးသည်းထန်စွာ ရွာတာကြောင့် အင်လေးကန်ရေတွေနဲ့ တောင်ကျရေတွေ မိုးဗြဲဆည်အတွင်းစီးဝင်ပြီး လက်ရှိမှာ မိုးဗြဲဆည်ကနေ ရေလွှတ်တာကြောင့် လွိုင်ကော်မြို့ပေါ်က ရပ်ကွက် ဆယ်ရပ်ကွက်ကျော်မှာ ရေနစ်မြုပ်နေတာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လွိုင်ကော်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ရေက ဒီမနက်ပိုင်း သုံးလက်မလောက် ထပ်တက်လာတယ်။ မိုးရွာတာရော ဆည်ကရေလွှတ်တာရောကြောင့်လို့ ပြောလို့ရတယ်။ အခုဆို ရပ်ကွက်ဆယ်ရပ်ကွက်လောက် ရှိလာပြီ ။ ဒေါးနိုးကူး ရပ်ကွက်ဆို ရေတိုးလာလို့ အိမ်တွေ ရေမြုပ်လာပြီ။ အရင်က ဓမ္မာရုံရပ်ကွက် မမြုပ်ဘူး။ အခု မြုပ်လာပြီ”
လွိုင်ကော်မြို့ပေါ် မင်းစုရပ်ကွက်၊ နမ့်ကွတ်ရပ်ကွက်၊ ရှမ်းပိုင်းရပ်ကွက်၊ ဓမ္မာရုံရပ်ကွက်၊ ဒေါးနိုးကူးရပ်ကွက်၊ မင်္ဂလာရပ်ကွက်တွေမှာ အဆိုးဆုံး အခြေအနေဖြစ်ပြီး နေအိမ်တွေ အားလုံးနီးပါး နစ်မြုပ်ကုန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဘေးဒုက္ခသည်တွေဟာ မြို့လယ် သာသနာ့ဗိမာန်နဲ့ မိုးကောင်းဘုရား စတဲ့နေရာတွေမှာ နေထိုင်နေကြရပြီး တချို့ကတော့ နေအိမ်အပေါ်ထပ် နေရာတွေမှာ နေထိုင်ကြတယ်လို့ ဆိုပါတယ်။
မြို့ပေါ်က ရေဘေးဒုက္ခသည်တွေက အလှူရှင်တွေရဲ့ အကူအညီရပေမဲ့ မြို့အစွန် ရပ်ကွက်တွေနဲ့ အနီးအနား ကျေးရွာတွေမှာတော့ အကူအညီမရဘူးလို့ နောက်ထပ် လွိုင်ကော် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မြို့အလယ်ပိုင်းက အကူအညီရတယ်။ ပြီးတဲ့ တစ်ခေါက်က ခိုင်နှင်ဝေးတို့ လာလှူကြတာရှိတယ်။ မြို့အစွန်တွေမှာက မရဘူး။ ဘာအကူအညီမှ မရှိဘူး”
လွိုင်ကော်မြို့ က ရေဘေးဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ် မေးမြန်းပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီရဲ့ မီးသတ်ဦးစီးဌာနကတော့ လွိုင်ကော်မြို့အတွင်းက ရေဘေးဒုက္ခသည်တွေကို ဘေးလွတ်ရာ ကူညီကယ်ဆယ် ပို့ဆောင်ပေးနေတယ်လို့ ထုတ်ပြန်ပါတယ်။
လွိုင်ကော်အပြင် ဒီးမော့ဆိုမြို့နယ်အတွင်းက ပွန်းချောင်းနဲ့ နီးစပ်တဲ့ စစ်ဘေးဒုက္ခသည် စခန်းတွေမှာလည်း ရေဘေးကြောင့် ဒုက္ခသည်တွေရဲ့ နေအိမ် သုံးရာကျော် ပျက်စီးခဲ့ရပြီး အကူအညီတွေလိုအပ်နေတယ်လို့ ရေဘေးကူညီရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
ကယားပြည်နယ် (ကရင်နီပြည်) လွိုင်ကော်၊ ရှားတော၊ ဘောလခဲ၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်းနဲ့ ကယား-ရှမ်းအစပ် ဖယ်ခုံ စတဲ့ မြို့နယ် ခုနစ်ခုမှာ ရေဘေးကြုံနေရသူ နှစ်သောင်းကျော် (၂၁,၇၃၉) ရှိပြီး ရေကြီး၊ မြေပြိုမှုကြောင့် လူပေါင်း ၂၈ ဦး သေဆုံးတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က စက်တင်ဘာလ ၁၉ ရက်နေ့မှာ ပြောထားပါတယ်။