ကော့သောင်းနဲ့ ရနောင်း တံတားထိုးဖို့ စတင်လေ့လာ
2013.11.19
မြန်မာနိုင်ငံ တနင်္သာရီတိုင်း ကော့သောင်းမြို့နဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ကို ကုန်းလမ်းခရီးနဲ့ဆက်သွယ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေးကူးသန်းရောင်းဝယ်မှုတွေ မြှင့်တင်နိုင်ဖို့အတွက် နှစ်နိုင်ငံချစ်ကြည်ရေးတံတား တည်ဆောက်မယ့်နေရာကို လေ့လာမှုတွေ စတင်နေပြီဖြစ်တယ်လို့ သိရပါတယ်။
ထိုင်း၊ မြန်မာ နယ်ခြားကော်မတီအဖွဲ့ရဲ့ အကူအညီနဲ့ နှစ်နိုင်င စီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင် ဒေသခံပြည်သူ တချို့ဟာ အခုလဆန်းပိုင်းကစလို့ တွေ့ဆုံဆွေးနွေးတာတွေလုပ်ခဲ့ပြီး ထိုင်း မြန်မာနယ်စပ်မှာ ဖြတ်သန်းစီးဆင်းနေတဲ့ ပါချန်မြစ်ကိုဖြတ်ပြီး တည်ဆောက်မယ့်နေရာကို မကြာသေးခင်ရက်ပိုင်းက သွားရောက်လေ့လာခဲ့ကြတယ်လို့ ထိုင်း မြန်မာ နယ်ခြားကော်မတီက ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးထင်လင်းဆွေက အခုလို ပြောပါတယ်။
“ကျနော်တို့ မြန်မာဘက်က အဲ့ဒီဘက်ကို သွားကြတယ်။ ကျနော်တို့ မြန်မာဘက်ကဆို ဆိတ်ဖူးလို့ခေါ်တဲ့ ရွာလေးရှိ တယ်ပေါ့နော်။ အဲ့ဒါကို မျက်နှာချင်းဆိုင်မှာဆိုလို့ရှိရင် ထိုင်းဘက်ကကျတော့ ကရဘူရီ လို့ခေါ်တာပေါ့။ အဲ့ဒီနေရာ သင့်တော်မလားလို့ သွားကြည့်တာပါ။ အခုက ကျနောတို့ နယ်စပ်မြို့တွေက တစ်ဖြည်းဖြည်းနဲ့ တစ်ဘက်နဲ့တစ်ဘက် လမ်းတွေပေါက်လာပြီလေ။ မြိတ်တို့ ပကျွတ်တို့ ထားဝယ်တို့ ကန်ချနဘူရီ တို့ကလည်း ဆက်သွယ်ရေးလမ်းကြောင်းတွေက ပေါ်လာပြီလေ။ ဆိုတဲ့ အခါကျတော့ ကော့သောင်းအနေနဲ့ကလည်းပဲ ဒေသဖွံ့ဖြိုးမှုအခြေအနေ မြှင့်တင်နိုင်အောင် ဆိုတဲ့အခါကျတော့ ရေလမ်းတစ်ခုတည်းပဲ အားကိုးနေလို့ မဖြစ်တော့ဘူးပေါ့နော်။ အခုချိန်ထိ ကော့သောင်း၊ ရနောင်းဆိုလို့ရှိရင် ရေကြောင်းနဲ့ပဲ သွားလာနေရတာကိုး။ ဆိုတော့ အဲ့ဒီမှာ ကျနော်တို့ ကုန်းလမ်းတစ်ခုဖောက်ရင်တော့ ရေကြောင်းထက်တော့ ပိုအဆင်ပြေနိုင်တယ်ပေါ့၊ အဲ့ဒီ အစီအစဉ်ပါ။”
အဲဒီတံတားဟာ ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ် ဆိတ်ဖူးကျေးရွာနဲ့ ထိုင်းနိုင်ငံဘက်ခြမ်းက ရနောင်းခရိုင် ကရဘူရီမြို့ကို ဆက်သွယ်မှာဖြစ်ပြီး နှစ်နိုင်ငံ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးနဲ့ အလည်အပတ်သွားလိုသူတွေအတွက် ပိုမိုလွယ်ကူလာမှာ ဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။
လောလောဆယ် တံတားတည်ဆောက်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံဘက်ခြမ်းက ၉၀ ရာခိုင်နှုန်းလောက် သဘောတူညီမှုရှိပြီး မြန်မာနိုင်ငံဘက်ခြမ်းအနေနဲ့ကတော့ ခွင့်ပြုချက်ရဖို့ တနင်္သာရီတိုင်း ဝန်ကြီးချူပ်ကို တင်ပြထားပြီး ဝန်ကြီးချူပ်ကတဆင့် နိုင်ငံတော် အစိုးရထံတင်ပြဖို့ ပြောဆိုထားကြောင်း ဦးထင်လင်းဆွေက ပြောပါတယ်။
“သူ့ဘက်ကတော့ ဒေသဖွံ့ဖြိုးပြီးသား။ လမ်းပန်းဆက်သွယ်ရေးဆိုတာလည်း သူတို့က နယ်စွန်နယ်ဖျားထိ ဖောက်ထားပြီးသား။ ကျနော်တို့ မြန်မာဘက်ကပဲ ကျန်နေတယ်လေ။ ဆိုတော့ နည်းနည်းလေး ဆက်လိုက်ရင်၊ မြန်မာဘက်ကလည်း လာဆက်လိုက်တယ်ဆိုလို့ရှိရင် ဒါ ဘာမှမခက်တော့ဘူး။ ရနောင်းမြို့အနေနဲ့လည်း တိုးတက်လာမယ့်အနေအထား ရှိတယ်လေ၊ ကုန်စည်စီးဆင်းမှုရော၊ ဒီလည်ပတ်ခရီးသွားလာရေးကိစ္စတွေရော အကုန်လုံးပေါ့၊ ဖွံ့ဖြိုးလာမယ့်အခြေအနေ ရှိတယ်ဆိုတော့ ထိုင်းဖက်ကတော့ ငြင်းဆိုစရာမရှိပါဘူး၊ မြန်မာအစိုးရအနေနဲ့ကလည်းပဲ ဝန်ကြီးချူပ်ကိုယ်တိုင်ကတော့ ပြောဖူးပါတယ်။ ဒီအောက်ခြေမှာ ကျနော်တို့ ပြည်သူလူထုအနေနဲ့ ဆာဗေးအရင်လုပ်ရမယ်ပေါ့နော်။ နောက် သူ့ဆီပြန်တင်ပြလို့ရှိရင် သူကလည်း နိုင်ငံတော်အစိုးရကို ထပ်ပြီးတင်ပြမှာ ဖြစ်ပါတယ်။”
ကော့သောင်းနဲ့ ရနောင်းကို ဆက်သွယ်မယ့့်် ဒီတံတားတည်ဆောက်ပြီး နှစ်နိုင်ငံဆက်သွယ်ရေးလမ်းကြောင်း ဖွင့်လှစ်နိုင်ခဲ့ရင် တနင်္သာရီတိုင်းအတွင်း ဘိတ်ခရိုင်အတွင်းမှာ မိုးထောင်နဲ့ ပကျွတ်ဘူရီ၊ ထားဝယ်ခရိုင်အတွင်းမှာ ထီးခီးနဲ့ ကန်ချနဘူရီ ၊ ကော့သောင်းခရိုင်အတွင်းမှာ ဆိတ်ဖူးနဲ့ ကရဘူရီဆိုပြီး ထိုင်းမြန်မာနှစ်နိုင်ငံ ဆက်သွယ်သွားလာနိုင်တဲ့လမ်းကြောင်း သုံးခုရှိလာမှာဖြစ်ပါတယ်။