ကရင်ပြည်နယ် မြို့နယ်သုံးခုမှာ နှစ်ပတ်ကျော်ကြာ လျှပ်စစ်မီးပြတ်တောက်

2022.09.05
ကရင်ပြည်နယ် မြို့နယ်သုံးခုမှာ နှစ်ပတ်ကျော်ကြာ လျှပ်စစ်မီးပြတ်တောက် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ကို Google Earth မှာ တွေ့ရစဉ်
Photo: Google Earth

ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ကော့ကရိတ်မြို့နယ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ ဩဂုတ်လ ၂၀ ရက်နေ့ကစလို့ ဒီကနေ့ စက်တင်ဘာ ၅ ရက်အထိ လျှပ်စစ်မီး ပြတ်တောက် နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဩဂုတ်လ ၂၀ ရက်နေ့ ည ၁၂ နာရီဝန်းကျင်ကစလို့ မြဝတီမြို့နယ်၊ ကော့ကရိတ်မြို့နယ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ လျှပ်စစ်မီး ပြတ်တောက်ခဲ့ပြီး ခုချိန်အထိ ပြန်မရရှိသေးတာလို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။

"အဲဒီနေ့ ည ၁၂ နာရီလောက်ကတည်းက စပြတ်တာ။ ဘာမီးမှကိုမလာတာ။ အခုဟာက မီးတင်မဟုတ်ဘူး။ ရေပါမလာတော့ဘူး။ ရေလည်း ဝယ်သုံးရတယ်။ အဆင်မပြေ တော့ဘူး။ ဖုန်းအားသွင်းတာတော့ ကျနော်က အလုပ်ထဲ မီးစက်ရှိတော့ အားသွင်းလို့ ရတယ်"

လျှပ်စစ်မီး မရရှိနိုင်တဲ့အတွက် ထမင်း၊ ဟင်းချက်ရာမှာလည်း လျှပ်စစ်မလိုအပ်မယ့် ဂတ်စ်မီးဖို၊ မီးသွေးမီးဖိုတွေ အသုံးပြုနေကြရတယ်လို့ သူက ဆက်ပြောပါတယ်။

ဖုန်းအားသွင်းဖို့အတွက်လည်း မီးစက်မတက်နိုင်သူတွေက ဆိုလာစွမ်းအင်အသုံးပြုနေပြီး ဆိုလာမတက်နိုင်သူတွေက ငါးရာကျပ်ပေးပြီး ဖုန်းအားသွင်းနေရတယ်လို့ သူက ပြောပါတယ်။

လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ပတ်သက်လို့ လျှပ်စစ်ဌာနတွေကလည်း အသိပေးထားတာ မရှိပါဘူး။ ဒေသခံတွေကတော့ လျှပ်စစ်ဓာတ်အားပေးတဲ့ တာဝါတိုင်တွေ တိုက်ပွဲတွေ အတွင်းပျက်စီးခဲ့လို့ အခုလို လျှပ်စစ်မီးပြတ်တာလို့ ယူဆနေပါတယ်။

မြဝတီမြို့အပါအဝင် ကရင်ပြည်နယ်ထဲက မြို့နယ်အချို့မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား အစည်းအရုံး(KNU) အကြား တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။