ကားပိုင်ရှင်အမည်မှန်ကို လာမယ့်နှစ် နောက်ဆုံးထားပြောင်းရမည်

သန့်ဇင်ဦး
2019.10.25
car-parking-622.jpg ရန်ကုန်မြို့တွင်းမှာ ရပ်ထားတဲ့ ကားတချို့ကို တွေ့ရစဉ်
Photo: RFA

မော်တော်ယာဉ်တွေ လက်ရှိပိုင်ရှင်အမည်ပေါက်ကို ၂၀၂၀ စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး မဖြစ် မနေပြောင်းဖို့ ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောဆိုလိုက်ပါတယ်။

မြင်သာ ကညနရုံးရဲ့ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်က အဲလိုအမည်ပေါက်ပြောင်းဖို့အတွက် ပြည်ထောင်စု အခွန် အကောက်ဥပဒေပုဒ်မ ၂၅ အရ အခွန် ၃ ရာခိုင်နှုန်းအထိ ဖြေလျှော့ပေးထားတဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကနေ ၂၀၂၀ စက်တင်ဘာလ ၃၀ ရက်နေ့အတွင်း အခွန်ဆောင်ရမယ်လို့ ပြောပါတယ်။

တနည်းအားဖြင့် ယာဉ်မှတ်ပုံတင်သက်တမ်းတိုးတဲ့အခါ အုံနာဘုတ်စာအုပ်မှာ ယာဉ်အမည်ပေါက် ပိုင်ဆိုင်သူ မှန်ကန်မှသာ သက်တမ်းတိုး ဆောင်ရွက်ပေးတော့မှာဖြစ်ပါတယ်။ အမည်မှန် ပြောင်းတဲ့အခါမှာ နယ်အိမ်ထောင်စု စာရင်းနဲ့ ရန်ကုန်လိုင်စင်ဝယ်ကား ဝယ်ထားတဲ့သူတွေအနေနဲ့ ရန်ကုန်မှာပြောင်းရွှေ့နေထိုင် နေတာမှန်ကန်ရင် ရန်ကုန်အိမ်ထောင်စုစာရင်း ဒါမှမဟုတ် ရန်ကုန်မှာ နေထိုင်တာမှန်ကန်ကြောင်း အထောက်အထားတင်ပြဖို့လိုအပ်ပြီး အဲလိုတင်ပြနိုင်မှသာ ရန်ကုန်လိုင်စင်ကားအဖြစ်ဆက်ရှိနေမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရန်ကုန်အိမ်ထောင်စုစာရင်းနဲ့ နယ်လိုင်စင် ကားဝယ်ထားတဲ့သူတွေကတော့ နယ်မှာပဲ အမည်ပြောင်းရ မှာဖြစ်ပြီး ရန်ကုန်လိုင်စင်ရမှာ မဟုတ်ပါဘူး။ ၂၀၁၅ မော်တော်ယာဉ်ဥပဒေမှာ မော်တော်ယာဉ်ဝယ်ယူပြီး တစ်လအတွင်း အမည်ပေါက်ပြောင်းရမှာဖြစ်ပြီး မဆောင်ရွက်ရင် ဒဏ်ငွေ တစ်သိန်းချမှတ်ဖို့ ပြဌာန်းထားပါတယ်၊

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေနဲ့ကတော့ ၂၀၂၀ ဇန်နဝါရီလ ၁ ရက်နေ့ကပြီး မော်တော်ယာဉ် မှတ်ပုံတင်လုပ်ငန်းတွေဖြစ်တဲ့ ကနဦးမှတ်ပုံတင်ခြင်း၊ နှစ်လဲသက်တမ်းတိုးခြင်း၊ ယာဉ်မှန်/ မမှန်စစ်ဆေးခြင်း၊ နယ်ဝင်/ နယ်ထွက်ခြင်း၊ ခရီးလွန်စစ်ဆေးခြင်း၊ စက်နဲ့ ဆေးပြောင်းလဲခြင်း၊ မှတ်ပုံတင်အထောက်အထား ပျောက်ဆုံးခြင်း စတာတွေဆောင်ရွက်ရင် အမည်ပေါက် ယာဉ်ပိုင်ရှင်ကိုယ်တိုင် ဒါမှမဟုတ် အမည်ပေါက်ပိုင်ရှင်ရဲ့ နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ အိမ်ထောင်စုလူ ဦးရေစာရင်းမူရင်းတွေနဲ့ တိုက်ဆိုင် စိစစ်သွားမှာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနဲ့ စည်းကမ်းဥပဒေနဲ့ ညီညွတ်တဲ့ မော်တော်ယာဉ်တွေဖြစ်ဖို့ ယာဉ်ပိုင်တွေ အားလုံး ပူးပေါင်းပါဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

မြင်သာ ကညန ရုံးမှာတော့ အမည်ပေါက်ဆောင်ရွက်တာကို တစ်ရက်မှာ အစီးရေ ၃၀၀ အထိဆောင်ရွက်ပေးနေပြီး အမည်ပြောင်းလဲခအနေနဲ့ ၅၀၀၀ ကျပ်ပဲ ကျသင့်တယ်လို့ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။

ဒီလိုမျိုးပြောင်းလဲမှုကို သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်မှာ တစ်ကြိမ်လုပ်ခဲ့ဖူးပေမယ့် အောင်မြင်မှုမရှိခဲ့ဘဲ နစ်နာတဲ့ယာဉ်ပိုင်ရှင် တွေများစွာရှိခဲ့တယ်လို့ မော်တော်ယာဉ်ပိုင်ရှင်တွေက ပြောဆိုနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။